ဓာတုလက်နက်သုံးတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအရေးယူပေးဖို့ NUG နဲ့ IEC လိုလား
- Zayar Oo
- Dec 20, 2024
- 1 min read
BVJ/မိုနာ_ ဒီဇင်ဘာ ၂၀ ၊ ၂၀၂၄

စစ်ကောင်စီက ဓါတုလက်နက်သုံးတိုက်ခိုက်မှုကို နိုင်ငံတကာကအပြစ်ပေးအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC တို့က ဒီနေ့ ဒီဇင်ဘာ ၂၀ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီတပ်က ဓာတုပစ္စည်းအသုံးပြုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး NUG နဲ့ IEC တို့က ပူးတွဲသတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ချိန်မှာ ထည့်သွင်းတောင်းဆိုလိုက်တာပါ။
ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)အစပ်မှာရှိတဲ့ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက မိုးဗြဲမြိုနားဝန်းကျင်ကို အခုလ ဒီဇင်ဘာ ၇ရက်နဲ့ ၈ရက်နေ့တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ချိန်မှာ S-PHOS (အက်စ်ဖော့စ်) ၅၆၀ တံဆိပ်ပါ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြု တိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီလိုအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် ဒရုန်းဗုံးသီးနဲ့အတူ အဆိပ်ငွေ့ပြားကျရောက်ပေါက်ကွဲရာနေရာမှာ မီးခိုးအများအပြား ထွက်ပေါ်လာပြီး တော်လှန်ရေးရဲဘော်အချို့ မူးဝေတာ၊ ခေါင်းမူးတာ၊ အော့အန်တာ၊ အိပ်ချင်လာတာ၊ ခန္ဓာကိုယ် မလန်းမဆန်းဖြစ်ပြီး အားပြတ်လာတာမျိုး စတဲ့ ဝေဒနာတွေလည် ခံစားခဲ့ရပြီး အသုံးပြုခဲ့တဲ့ အက်စ်ဖော့စ် (S-PHOS 560) အမှတ်တံဆိပ်ပါ အဆိပ်ငွေ့ပြားတွေကိုလည်း သက်သေအဖြစ် KNDFကတွေ့ရှိခဲ့တာပါ။
“စစ်ကောင်စီဟာ ဒီလို ပစ္စည်းတွေကိုအသုံးပြုတိုက်နေတာကြာပါပြီ... ဒီလိုသတ်ဖြတ်မှုတွေကိုသိရဲ့သားနဲ့ စစ်ကောင်စီကို အဖတ်လုပ်ပြီးတော့မှ ဖိတ်ခေါ်နေတဲ့ ကာကွယ်ပြောဆိုနေတဲ့ တချို့သောအသိုင်းအဝိုင်းတွေကိုလည်း သတင်းစကားပါးချင်တယ်။ ဒီလို သတ်ဖြတ်မှုတွေက ဆိုးဝါးတဲ့အာဏာရှင်တွေပဲလုပ်လေ့ရှိတယ် ဒီလိုဖြစ်ရပ်မျိုးကလည်း ဆက်ပြီးမှဖြစ်ပေါ်နေတယ်၊ ဖြစ်ပေါ်နေတဲ့ကြားထဲက ဆက်ပြီးတော့ စစ်ကောင်စီကို ကာကွယ်ပြောဆိုနေတာတွေ အခွင့်အရေးပေးနေတာတွေကို ရပ်တန့်လိုက်ပြီးတော့မှ ဒီထက်ပိုပြင်းထန်တဲ့ ဖိအားပေးမှုတွေလုပ်ဆောင်ကြဖို့ ကျနော့်အနေနဲ့ ဒီကနေတိုက်တွန်းလိုတယ်”လို့ IEC ဒုတိယ ဥက္ကဌ ခွန်ဘီထူးက ပြောပါတယ်။
စစ်ကောင်စီဟာ အခုလိုအဆိပ်ငွေ့သုံးတိုက်ခိုက်မှုကို ကရင်နီပြည်အပြင် ရှမ်းပြည်နယ်၊ တအာင်းဒေသစတဲ့ နေရာတွေမှာလည်း အသုံးပြုတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သေးတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက “စစ်ကောင်စီဟာ အဆိပ်ငွေ့သုံးတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်ပါတယ်၊ ဒီတခုထဲမဟုတ်ဘဲနဲ့ စစ်ကောင်စီဟာ တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကို စနစ်တကျနဲ့ဗျူဟာကျကျ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေတာဖြစ်ပါတယ်။ အဲ့ဒီတော့ CWCလောက်နဲ့တော့မတင်းတိမ်ဘူး။ လက်ရှိကျူးလွန်နေတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက်ကြိုးပမ်းနေတဲ့ကာလအတွင်းမှာ အခုလိုမျိုးဓာတုပစ္စည်းတွေကို လက်နက်သဖွယ်အသုံးချတဲ့နောက်ထပ်အမှုတခု ထပ်တိုးပြီးတော့၊ စစ်ပွဲဆိုင်ရာရာဇဝတ်မှုအရ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ စာချုပ်တွေ၊ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်မှုအရ အရေးယူခဲ့တဲ့အစဉ်အလာတွေ ရှိပါတယ်။ အဲ့ဒီထဲမှာ မြန်မာနိုင်ငံအနေနဲ့ပါဝင်ပြီးတော့ တာဝန်ရှိတဲ့မင်းအောင်လှိုင်အပါအဝင် ထိပ်သီးတာဝန်ရှိတဲ့သူတွေကို အရေးယူနိုင်ဖို့အတွက် ဒီလမ်းကြောင်းကိုပိုမိုပြီးအင်တိုက်အားတိုက် ကြိုးပမ်းတာ ထိရောက်မယ်လို့ ယူဆပါတယ်”လို့ ပြောပါတယ်။
KNDF ဆီမှာ CDM အဖြစ်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကလည်း စစ်ကောင်စီတပ်ဟာ ဓါတုအဆိပ်ငွေ့တွေကိုအသုံးပြုကာ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်လေ့ရှိကြောင်းကို သူတပ်ထဲမှာရှိစဉ်က ကြားသိခဲ့ရကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အခုရရှိထားတဲ့သက်သေတွေကို နိုင်ငံတကာကိုတင်ပြသွားပြီး စစ်ကောင်စီကိုအရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံဟာ ဓာတုလက်နက်တားဆီးပိတ်ပင်ရေး သဘောတူစာချုပ်(CWC)ကို ၂၀၁၅ခုနှစ်မှာ အတည်ပြုလက်မှတ်ရေး ထိုးထားတဲ့အတွက် ဓာတုလက်နက်တွေသုံးစွဲတာ၊ ထုတ်လုပ်တာတွေ မပြုလုပ်ရဘဲ ဓာတုလက်နက်နဲ့ ပတ်သက်ပြီး သံသယရှိတယ်ဆိုရင် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့OPWCကနေ ဝင်ရောက် စစ်ဆေးရင်ခွင့်ပြုရမှာဖြစ်ပါတယ်။
အခုနှစ် အောက်တိုဘာ ၈ရက်ကနေ ၁၀ ရက်အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ OPCW ရုံးချုပ်မှာ ကျင်းပတဲ့ OPCW ရဲ့ (၁၀၇)ကြိမ်မြောက် Executive Council အစည်းအဝေး (EC-107)ကို OPCW ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပါသေးတယ်။










Comments