ဒမငယ်ကျေးရွာရဲကင်းစခန်းတိုက်ခိုက်ခံရပြီး (၂) ဦးသေဆုံး၊ လက်နက်ခဲယမ်းအချို့ရရှိ
- BVJ
- May 3
- 1 min read
BVJ/ဇော် - မေ ၃ ၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာ ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် - ၂ စစ်ဒေသခွဲက ဒီနေ့ မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
မေလ (၂) ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်နာရီဝန်းကျင်အကြာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂) ဦးသေဆုံးပြီး ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ စခန်းစွန့်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကနေ (၆၀) မမ စိန်ပြောင်း ၁ လက်၊ လက်နက်ငယ် ၅ လက်၊ နင်းမိုင်း၊ ယာဉ်ဖျက်မိုင်းနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၈၀၁)တပ်ရင်း၊ တပ်ခွဲ (၂)၊ တပ်ခွဲ(၆)၊ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တောင်ပိုင်း စစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲအနေနဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ဧပြီ (၂၈) ရက်နေ့မှာ ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့ကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေပြီး လက်နက် ၁၁ လက်နဲ့ ကွန်မန်ဒိုပြောင်းတို ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒါ့အပြင် ပဲခူးတိုင်း အရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ စခန်း(၅)ခုကိုလည်း KNLA ပူးပေါင်းတပ်တွေနဲ့အတူ သိမ်းယူနိုင်ခဲ့ပါသေးတယ်။
コメント