top of page

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံရတာ ၁၉ နှစ်နီးပါး ရှိလာပြီ

  • Writer: BVJ
    BVJ
  • Jan 15, 2025
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၅ ၊ ၂၀၂၅

Photo: AP
Photo: AP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရွေးကောက်ခံအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အကျဉ်းချခံနေရတာဟာ စုစုပေါင်း ၁၉ နှစ်နီးပါး ရှိလာပါပြီ။ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ သုံးကြိမ်တိုင် စစ်တပ်ရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီး စုစုပေါင်း ၁၅ နှစ်နီးပါး အကျဉ်းချခံခဲ့ရသလို ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့အချိန်အထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။


၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော် အကျဉ်းထောင်မှာ မတရားအကျဉ်းချခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးထားတာ လေးနှစ်တာကာလရှိလာနေပြီလို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးစောင့်ရေးအဖွဲ့ Burma Campaign UK က မနေ့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။


“ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်တပ်က ဖမ်းဆီးအကျဉ်းချထားဟာ စုစုပေါင်း ၁၉ နှစ်နီးပါးရှိပါတယ်။ ဒါဟာ ဆယ်စုနှစ် ၂ ခုပါပဲ။ သူတို့ (စစ်တပ်)က ဒေါ်အောင်ဆန်းစုကြည်ကို အခုထိ ကြောက်ရွံ့နေတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရပါမယ်။ ပြီးတော့ စစ်တပ်ကို အထောက်အပံ့ဖြစ်စေမယ့် ငွေကြေးစီးဆင်းမှုအားလုံးကိုလည်း ဖြတ်တောက်နိုင်ဖို့ ပိုမိုလုပ်ဆောင်ရပါမယ်”လို့ Burma Campaign UK ဒါရိုက်တာ Mark Farmaner ကလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။


ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို စစ်ကောင်စီအနေနဲ့ အမြန်ဆုံးလွှတ်ပေးဖို့ Burma Campaign UK က တောင်းဆိုထားပြီး နိုင်ငံတော်အာဏာကို မတရားရယူထားတဲ့ စစ်ကောင်စီအနေနဲ့ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုရရှိမှာမဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ် ဇူလိုင်ကနေ ၁၉၉၅ ခုနှစ် ဇူလိုင်လအထိ ပထမအကြိမ် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာကနေ ၂၀၀၂ ခုနှစ် မေလအထိ ဒုတိယအကြိမ်၊ ၂၀၀၃ ခုနှစ် မေလကနေ ၂၀၁၀ ခုနှစ် နိုဝင်ဘာအထိ တတိယအကြိမ် ဖမ်းဆီးအကျဉ်းချခံခဲ့ရတာဖြစ်သလို ၂၀၂၁ ဖေဖော်ဝါရီကနေ ယနေ့အချိန်အထိ အကျဉ်းချခံထားရတာလည်း ဖြစ်ပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူထားတဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ (၂၈၂၁၇) ဦးအထိရှိခဲ့ပြီး (၂၁၅၀၇) ဦးဟာ လက်ရှိအချိန်အထိ အကျဉ်းကျခံနေဆဲဖြစ်ပါတယ်။ အကျဉ်းထောင်အသီးသီးမှာ မတရား အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိသလို အကြမ်းဖက်ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း ကြုံတွေ့နေရတယ်လို့လည်း Burma Campaign UK ကလည်း ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page