ဒီပဲယင်း၊ အိုးထိန်းတွင်းရွာစာသင်ကျောင်း လေကြောင်းဗုံးကြဲခံရပြီး ကျောင်းသားကလေး ၁၅ ဦးထက်မနည်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ ၄၀ ခန့်ရှိ
- BVJ
- 2 days ago
- 1 min read
BVJ/အိုင်းရစ် _ မေ ၁၂ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၄၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းဒေသခံတစ်ဦးက Burma VJ ကို ပြောပါတယ်။
အိုးထိန်းတွင်းရွာ အခြေခံပညာအထက်တန်းစာသင်ကျောင်းကို စစ်ကောင်စီက ပစ်မှတ်ထားကာ ဒီနေ့မနက် ဆယ်နာရီဝန်းကျင်မှာ ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စာသင်နေချိန်ဖြစ်တာကြောင့် ကျောင်းသားကလေး အယောက် ၁၀၀ ခန့်ရှိနေတယ်လို့လည်း သိရပါတယ်။
“အိုးထိန်းရွာ စာသင်ကျောင်းကို ကြဲသွားတာက ကျောင်းမှာ ဆရာ၊ ဆရာမနဲ့ ကလေးတွေပဲရှိတာ။ လောလောဆယ်တော့ သေဆုံးကလေးက ၁၅ ယောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ များတယ်။ ခန့်မှန်းခြေ ၄၀ ဝန်းကျင်ရှိတယ်” လို့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။
အိုးထိန်းတွင်းရွာ အနီးဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စာသင်ကျောင်းကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးအရေအတွက် များပြားခဲ့တာဖြစ်ပြီး လက်ရှိ ကယ်ဆယ်ရေးလုပ်ဆောင်နေရတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာကလေးတွေ များပြားခဲ့တာဖြစ်ပြီး သေဆုံးသူထပ်မံများပြားလာနိုင်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကလည်း ဒီပဲယင်းမြို့နယ် လက်လှုပ်(တောင်)ရွာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို မြန်မာနှစ်သစ်ကူးကာလ သင်္ကြန်ကာလ ဧပြီ ၁၂ ရက်ကလည်း ကြခတ်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုရင် ၃ ပါးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။
Comments