ဒီပဲယင်း၊ လက်လှုပ်ရွာကို စစ်ကောင်စီက ဗုံးကြဲ၊ ၁၃နှစ်အရွယ် ကျောင်းသူတစ်ဦး အပါအဝင် ဒေသခံ ငါးဦးသေဆုံး
- BVJ
- Apr 24
- 1 min read
BVJ/ဇော်_ဧပြီ ၂၃၊ ၂၀၂၅

စစ်ကိုင်းတိုင်း, ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ လက်လှုပ် (တောင်) ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၅)ဦးသေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ဒေသခံဆီက သိရပါတယ်.
ဒီနေ့ ဧပြီ ၂၃ ရက် မနက် ၁၀ နာရီ ၄၀ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်(၁၃) နှစ်အရွယ်ကျောင်းသူအပါအဝင် (၅) ဦးသေဆုံးခဲ့ပြီးတော့ ထိခိုက်ဒဏ်ရာရသူ (၇) ဦးရှိခဲ့တာပါ။
“သေဆုံးသွားတာ တစ်မိသားစုထဲတော့ မဟုတ်ဘူး။ ကျောင်းသူလေးတစ်ယောက်ပါတယ်။ (၅) ယောက်သေဆုံးတယ်။ ထိခိုက်တဲ့သူတွေအထဲ ၃ ယောက်လောက်က စိုးရိမ်ရတယ်။ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံးချပြီးတော့ ရော့ကတ်နဲ့လည်းပစ်တယ်။ အိမ် (၇) လုံး (၈) လုံးလောက်ပျက်စီးသွားတယ်” လို့ ဒီပဲယင်းမြို့နယ် ဒေသခံတစ်ဦးက Burma VJ ကိုပြောခဲ့ပါတယ်။
ဧပြီ ၂၃ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်က အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် သက်တမ်းတိုးကြောင်း ကြေညာပြီးတဲ့နောက်မှာ လက်လှုပ်တောင်ရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး (၂) လုံး ကြဲချခဲ့တာဖြစ်ပြီး ရော့ကတ်နဲ့လည်း ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ပထမအကြိမ် စစ်ကောင်စီက အပစ်အခတ်ရပ်စဲကာလအတွင်း ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်ရှိ ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်းကိုလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုခဲ့တာကြောင့် ကိုရင် (၃) ပါးအပါအဝင် (၅) ဦးသေဆုံးခဲ့ပါသေးတယ်။
Comments