ဒီပဲယင်းမြို့နယ် ကျခတ်ရွာဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ကိုရင် ၃ ပါးအပါအဝင် ၅ ဦး သေဆုံး
- BVJ
- Apr 24
- 1 min read
BVJ/ဇော်_ဧပြီ ၁၂ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ ကျခတ်ကျေးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကိုရင် ၃ ပါးအပါအဝင် ၅ ဦး သေဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဒီပဲယင်းမြို့နယ် ဒေသခံတစ်ဦးက Burma VJ ကို အတည်ပြုပြုပါတယ်။
ကျခတ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၀၀ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တစ်လုံးက ဘုန်းကြီးကျောင်းပေါ် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့သလို ကျန်တဲ့ ၂ လုံးက ကျောင်းဘေးဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့သိရပါတယ်။
“ဒီနေ့ ဘုန်းကြီးကျောင်းမှာ ဥပုသ်သည်တွေရှိနေတယ်။ ပြီးတော့ ကိုရင်လေးတွေ ရှိနေတယ်။ နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်ဆိုတော့ အဲ့အချိန်မှာ ဥပုသ်သည်တွေက ကျောင်းမှာအနေများတယ်။ ကျောင်းဆောင်မကြီး ပျက်စီးသွားတယ်။ ကိုရင်လေးတွေဆို ရုပ်အလောင်းတွေကို တစစီလိုက် ကောက်ရတယ်။ ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိတယ်လို့ ကနဦးသိရတယ်” လို့ ဒီပဲယင်းမြို့နယ် ဒေသခံတစ်ဦးက Burma VJ ကို ပြောပါတယ်။
ကျခတ်ကျေးရွာနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတာ ၅ လဝန်းကျင်ရှိနေချိန် စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ အခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပျံလွန်တော်မူခဲ့တဲ့ ကိုရင် ၃ ပါးဟာ အသက် ၁၀ နှစ်ဝန်းကျင်သာရှိသေးပြီး သင်္ကြန်ကာလ မြို့ပေါ်ကနေ ကျခတ်ရွာဘုန်းကြီးကျောင်းကို ပြန်လာကြသူတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။
အခုဧပြီလဆန်းပိုင်းကလည်း ကောလင်းခရိုင် ဝန်းသိုမြို့နယ် နမ်းခမ်းရွာ၊ ကောလင်းမြို့နယ် အင်ပင်လှရွာ၊ သဲချောင်းရွာနဲ့ လျှော်ဖြူကုန်းရွာတို့ကို စစ်ကောင်စီ လေကြောင်းတိုက် ခိုက်ခဲ့တာကြောင့် ကလေးများအပါအဝင် ဒေသခံ ၂၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၂၂ ရက်နေ့အထိ ယာယီအပစ်ခတ်ရပ်စဲမယ်လို့ ထုတ်ပြန်ထားပေမဲ့ မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
Commenti