တရုတ်အစိုးရ ဖိအားပေးမှုကြောင့် ပိတ်လိုက်ရတဲ့ ဟောင်ကောင်က စာအုပ်ဆိုင်လေး
- BVJ

- 1 day ago
- 2 min read
သူရ

ဒီနေ့ ဟောင်ကောင်မှာ လွတ်လပ်တဲ့ စာအုပ်ဆိုင်လေး တစ်ဆိုင် မပိတ်ခင် လူတွေ တန်းစီပြီး နှုတ်ဆက်နေကြပါတယ်။ ၂၀၂၆ ခုနှစ် ဇူလိုင်လထဲမှာ နိုင်ငံတော်ပုန်ကန်မှုကို လှုံ့ဆော်တဲ့ စာအုပ်တွေ ဖြန့်ဝေရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်အစိုးရအမိန့်အရ ရဲတွေ ဝင်ရောက်စီးနင်းခံခဲ့ရပြီးနောက်၊ ဆိုင်ရှင်တွေက "လုပ်ငန်းလည်ပတ်မှု အခြေအနေ မကောင်းတော့လို့" ဆိုပြီး တနင်္ဂနွေနေ့မှာ ဆိုင်ပိတ်ဖို့ လုပ်ခဲ့ကြတာပါ။
ဟောင်ကောင်ရဲ့ ကော့လွန် (Kowloon) ရပ်ကွက်မှာရှိတဲ့ "Have a Nice Stay" လို့ခေါ်တဲ့ အဲဒီစာအုပ်ဆိုင်ရှေ့မှာ လူတွေ တန်းစီစောင့်ဆိုင်းနေကြပြီး စာအုပ်ဆိုင်ထဲကိုတော့ တစ်ခါဝင်ရင် လူ ၂၀ ပဲ ဝင်ခွင့်ပေးပါတယ်။ ၂၀၀၀ ပြည့်နှစ်တွေမှာ တရုတ်အစိုးရက လုံခြုံရေးဥပဒေတွေ တင်းတင်းကျပ်ကျပ် ချမှတ်ခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်က ထွန်းကားခဲ့ဖူးတဲ့ လွတ်လပ်သော စာအုပ်ဆိုင် လုပ်ငန်းတွေလည်း တစ်စထက်တစ်စ တိမ်ကောလာခဲ့ပါပြီ။
ဒီလိုစာအုပ်ဆိုင်တွေဟာ ပင်မအရောင်းဆိုင်တွေထက် နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ စာအုပ်စုံစုံလင်လင် တင်သွင်းရောင်းချပေးတတ်ကြပြီး စာအုပ်ဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ရင်း လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ "အမြင်စုံကနေ ရလာတဲ့ ဗဟုသုတတွေကို စာအုပ်တွေကတဆင့် မျှဝေပေးမယ့် ကျွန်တော်တို့ရဲ့ တာဝန်ကို ဆက်လုပ်သွားနိုင်ဖို့ စွမ်းဆောင်ရည်လည်း မရှိတော့သလို ရဲစွမ်းသတ္တိလည်း မရှိတော့ပါဘူး" လို့ ဆိုင်ဘက်က ပြီးခဲ့တဲ့လက အွန်လိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီ "Have a Nice Stay" စာအုပ်ဆိုင်ကို ၂၀၂၂ ခုနှစ်တုန်းက လွတ်လပ်တဲ့ သတင်းဌာနတွေ ဆက်တိုက်ပိတ်သိမ်းသွားရလို့ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ကြတဲ့ Stand News ရဲ့ သတင်းထောက်ဟောင်းတွေနဲ့ ဝါရင့်မီဒီယာပညာရှင်တွေ ပူးပေါင်းပြီး စတင်တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဇူလိုင် ၁၄ ရက်နေ့တုန်းကလည်း ဖေ့စ်ဘုတ်ခ်မှာ ပို့စ်တင်ပြီး လုပ်ငန်းလည်ပတ်မှု အခြေအနေ မကောင်းတာ၊ ငွေကြေးကျပ်တည်းတာ၊ ဆိုင်ခန်းအတွက် မသေချာမရေရာ ဖြစ်တာတွေနဲ့ ဟောင်ကောင်ရဲ့ လက်ရှိ လူမှုရေး အခြေအနေတွေကြောင့် သြဂုတ် ၃၀ ရက်နေ့မှာ ဆိုင်ပိတ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။
"ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ဝင်ငွေနဲ့ထွက်ငွေ မမျှဘဲ ငွေကြေး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တခါတလေတော့လည်း နည်းနည်းပါးပါး ရုန်းကန်နိုင်ခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ စီးပွားရေး အခြေအနေ အလုံးစုံကို ကြည့်လိုက်ရင်တော့ ရှေ့ဆက်သွားဖို့ ပိုပိုပြီး ခက်ခဲလာလိမ့်မယ်လို့ပဲ စိတ်ပျက်လက်ပျက်နဲ့ တွေးမိပါတယ်" လို့ ဆိုထားပါတယ်။

စည်းမျဉ်းစည်းကမ်းတွေနဲ့ ပိတ်သိမ်းမှုများ
ဘာတွေ သတ်မှတ်မှန်း သေသေချာချာမသိတဲ့ တရုတ်အစိုးရရဲ့ "စည်းနီ" လို့ ခေါ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း စာအုပ်ဆိုင်ပိတ်ရတဲ့ အဓိက အကြောင်းရင်း တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
"ဘယ်စာအုပ်တွေကို ရောင်းလို့ရတယ်၊ ဘယ်စာအုပ်တွေကို မရောင်းရဘူးဆိုတာ အစိုးရ တာဝန်ရှိသူတွေဘက်က အတိအကျ မပြောပြကြပါဘူး... ကျွန်တော်တို့လည်း စာအုပ်တိုင်းကို လိုက်မဖတ်နိုင်သလို ဘယ်စာအုပ်က ပြဿနာရှိနိုင်လဲဆိုတာကိုလည်း အတိအကျ မခွဲခြားနိုင်ပါဘူး" လို့ စာအုပ်ဆိုင်လုပ်ငန်း လုပ်ကိုင်တဲ့ သူတစ်ဦးက ပြောပါတယ်။
ဒီနှစ်အစောပိုင်းတုန်းကလည်း တရုတ်အစိုးရရဲ့ အမျိုးသားလုံခြုံရေး ရဲတပ်ဖွဲ့ဟာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ ရည်ရွယ်ချက်ရှိတဲ့ စာအုပ်တွေကို ပြသရောင်းချတယ်ဆိုပြီး စာအုပ်ဆိုင် သုံးဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ပြီး လူအချို့ကို ဖမ်းဆီးခဲ့ပါသေးတယ်။
ဒါပေမဲ့ ဒီမြို့မှာ အထင်ရှားဆုံး စာအုပ်ဆိုင် အရေးအခင်းကတော့ ၂၀၁၅ ခုနှစ်နှောင်းပိုင်းက ဖြစ်ခဲ့တာပါ။ Causeway Bay စာအုပ်ဆိုင်နဲ့ ပတ်သက်နေတဲ့ ထုတ်ဝေသူနဲ့ စာအုပ်ဆိုင်ရှင် ၅ ဦးဟာ ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားခဲ့ကြပါတယ်။ အဲဒီဆိုင်ဟာ တရုတ်ပြည်မကြီးက ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ အတင်းအဖျင်းနဲ့ နိုင်ငံရေးအရ ထိရှလွယ်တဲ့ စာအုပ်တွေကို ရောင်းချပေးနေကျဖြစ်လို့ နာမည်ကြီးပါတယ်။
နောက်ပိုင်းမှာတော့ အဲဒီ ၅ ဦးစလုံးဟာ တရုတ်ပြည်မကြီးဘက်ရဲ့ ထိန်းသိမ်းမှုအောက်မှာ ပေါ်လာခဲ့ကြပြီး သူတို့ရဲ့ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး ရုပ်သံကနေတဆင့် ဝန်ခံပြောဆိုခဲ့ကြပါတယ်။

ကော့စ်ဝေးဘေး စာအုပ်ဆိုင် (Causeway Bay Books) ဟာ လက်ရှိမှာ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာ ဖွင့်လှစ်ထားတဲ့ စာအုပ်ဆိုင် တစ်ဆိုင် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိကတော့ ဟောင်ကောင်မြို့၊ ကော့စ်ဝေးဘေး ရပ်ကွက်က အပေါ်ထပ် ဆိုင်ခန်းတစ်ခုမှာ တည်ရှိခဲ့တာ ဖြစ်ပါတယ်။ ဟောင်ကောင်က ပထမဆုံး စာအုပ်ဆိုင်ဟာ တရုတ်ပြည်မကြီးမှာ ဝယ်ယူလို့မရနိုင်တဲ့ တရုတ်နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေအကြောင်း စာအုပ်တွေကို ရှာဖွေဝယ်ယူကြတဲ့ တရုတ်ပြည်မကြီးက ခရီးသွားတွေကြားမှာ အရမ်းကို လူကြိုက်များခဲ့ပါတယ်။
၂၀၁၅ ခုနှစ် နှောင်းပိုင်းမှာတော့ ဒီဆိုင်နဲ့ ပတ်သက်တဲ့ လူငါးဦး ပျောက်ဆုံးသွားခဲ့တာကြောင့် နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ပထမဆုံး စာအုပ်ဆိုင်ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ နောက်ဆုံးလက်ထောက်ဝန်ထမ်းဖြစ်တဲ့ လီဘို (Lee Bo) ပါ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ဆိုင်ပိတ်သွားခဲ့ရပါတယ်။
မူရင်း ဟောင်ကောင်ဆိုင်ကို တည်ထောင်ခဲ့သူနဲ့ ပျောက်ဆုံးသွားခဲ့ပြီး တရုတ်ပြည်မကြီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ လူငါးဦးထဲက တစ်ဦးဖြစ်တဲ့ လမ်ဝင်းကီ (Lam Wing-kee) ကတော့ ၂၀၂၀ ပြည့်နှစ် ဧပြီလမှာ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာ အဲဒီစာအုပ်ဆိုင်နာမည်နဲ့ ဒုတိယစာအုပ်ဆိုင်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
လမ်ဝင်းကီ (Lam Wing-kee) ဟာ ဟောင်ကောင်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်နဲ့ စာအုပ်ဆိုင်ရှင်တစ်ဦးဖြစ်ပြီး ၁၉၅၅ ခုနှစ် ဒီဇင်ဘာလမှာ မွေးဖွားခဲ့ကာ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ စာအုပ်စာစောင်တွေကို အဓိကထား ဖြန့်ချိပေးတာကြောင့် နာမည်ကြီးတဲ့ ကော့စ်ဝေးဘေး စာအုပ်ဆိုင် (Causeway Bay Books) ရဲ့ ပိုင်ရှင်ဖြစ်ပြီး အဆိုပါဆိုင်ကို ဟောင်ကောင်မြို့၊ ကော့စ်ဝေးဘေးမှာ စတင်ဖွင့်လှစ်ခဲ့ကာ နောက်ပိုင်းမှာ တိုင်ပေမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နှောင်းပိုင်းမှာတော့ အဆိုပါစာအုပ်ဆိုင်မှ အခြားဝန်ထမ်းလေးဦးနဲ့အတူ လမ်ဝင်းကီပါ ပျောက်ဆုံးသွားခဲ့တာကြောင့် နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
လမ် (Lam) ဟာ ပျောက်ဆုံးသွားပြီး ရှစ်လအကြာမှာ စာအုပ်ဆိုင်ရဲ့ ဖောက်သည်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သွားယူဖို့အတွက် တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ကို ပြန်လာခွင့်ရခဲ့ပါတယ်။ သူဟာ တရုတ်နိုင်ငံကို လွှဲပြောင်းခံရပြီး နောက်တစ်ကြိမ် ထောင်ကျမှာကို စိုးရိမ်ခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ် ဧပြီလမှာ ထိုင်ဝမ်က နယူးတိုင်ပေမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလမှာ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာ အဲဒီစာအုပ်ဆိုင်နာမည်နဲ့ ဒုတိယစာအုပ်ဆိုင်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
ခရက်ဒစ် - Reuter




Comments