"ဆုံးရှုံးသွားတဲ့နယ်မြေတွေ ကို စစ်အုပ်စုက ဘယ်လိုပြန်သိမ်းပိုက်နိုင်လာတာလဲ "
- BVJ

- 2 days ago
- 3 min read
Updated: 2 days ago
အေတီ

စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေသစ် ၊ မရပ်မနား ဆက်တိုက်ကြဲချနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုတွေကြောင့် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားခဲ့တဲ့ အဓိကမြို့နယ်တွေ လက်လွှတ်ဆုံးရှုံးနေရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တုန်းက အာဏာသိမ်းစစ်အုပ်စုရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ (၂၆၈) စခန်းကုန်းကို သိမ်းပိုက်ပြီးနောက် ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးအဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ အရောက်မှာတော့ စစ်အုပ်စုတပ်တွေက ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အိန္ဒိယနယ်စပ်အနီးက ဖလမ်းမြို့ ကို ကျည်ဆံကုန်သွားလို့ လက်လွှတ်ခဲ့ရတာဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ တော်လှန်ရေးတပ်ဖွဲ့ဝင် ချင်းတပ်သားတွေဟာ မြန်မာစစ် တပ်ရဲ့ လနဲ့ချီတဲ့ ထိုးစစ်ဆင်မှုကို ကြံ့ကြံ့ခံခဲ့ကြတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ရာနဲ့ချီနဲ့ စစ်အုပ်စုတပ်သား အယောက် ၁,၀၀၀ ခန့်ရဲ့ မြေပြင်ထိုးစစ်တွေကိုပါ ခံခဲ့ရပါတယ်။
အတိုက်အခံတော်လှန်ရေးတပ်ဖွဲ့တွေ တစ်နှစ်တိတိ ထိန်းချုပ်ထားခဲ့တဲ့ ဖလမ်းမြို့ ကျဆုံးသွားတာဟာ စစ်တပ်အတွက် မဟာဗျူဟာမြောက် အောင်ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဖလမ်းမြို့ဟာ ချင်းပြည်နယ်မှာ ခရီးသည်တင် လေယာဉ်တွေ ဆင်းသက်နိုင်တဲ့ တစ်ခုတည်းသော လေဆိပ်ရှိတဲ့နေရာဖြစ်ပြီး အိန္ဒိယနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကိုလည်း ထိန်းချုပ်ထားနိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဖလမ်းမြို့ကျသွားပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ချင်းပြည်နယ်က မြို့သုံးမြို့ ထပ်မံကျဆုံးခဲ့ပြီး မေလနှောင်းပိုင်းမှာတော့ ပြည်နယ်ရဲ့ မြောက်ပိုင်း ဒေသတစ်ခုလုံးကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

"ဖလမ်းကနေ ကျွန်တော်တို့ အရေးကြီးတဲ့သင်ခန်းစာတစ်ခုရလိုက်ပါတယ်" လို့ ချင်းညီနောင်အဖွဲ့ဝင် ဆလိုင်းဝီလျံချင်းက အယ်လ်ဂျာဇီးယားကိုပြောပါတယ်။ "မြို့တစ်မြို့ကို သိမ်းဖို့နဲ့ ဆက်လက်ထိန်းထားဖို့ဆိုတာ လုံးဝကွာခြားတဲ့စိန်ခေါ်မှုတွေပါ။ အဲဒီမြို့ကိုအကြာကြီးထိန်းထားနိုင်ဖို့ဆိုတာ လူအင်အား၊ ထောက်ပံ့ပို့ဆောင်ရေး၊ အုပ်ချုပ်ရေး၊ အရပ်သားကာကွယ်ရေးနဲ့ အထူးသဖြင့် လေကြောင်းကနေထပ်ခါတလဲလဲ တိုက်ခိုက်လာမှုတွေကို ခံနိုင်ရည်ရှိဖို့လိုအပ်ပါတယ်"လို့ သူကဆိုပါတယ်။
ဒီလိုနောက်ဆုတ်ရတာဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အလှည့်အပြောင်းဖြစ်ပေါ်နေမှုတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မဟာမိတ်အင်အားစုတွေဟာ အားနည်းလာတယ်လို့ပြောရပါမယ် ။ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွေတုန်းက စစ်တပ်ဆီကနေ မြို့ဒါဇင်နဲ့ချီပြီး အတိုက်အခံတွေကသိမ်းပိုက်နိုင်ခဲ့ပေမဲ့၊ အခုအခါမှာတော့ သူတို့ သိမ်းပိုက်ထားခဲ့တဲ့ မြို့ပြတွေကနေ တစတစပြန်လည်ဆုတ်ခွာလာကြရပါတယ်။
ဒီလိုအပြောင်းအလဲဖြစ်ရတာဟာ အကြောင်းရင်းများစွာကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ စစ်တပ်ထဲကို တပ်သားသစ်သောင်းနဲ့ချီပြီးဖြည့်တင်းပေးနိုင်ခဲ့တဲ့ လူမဆန်တဲ့ အဓမ္မစစ်မှုထမ်းဥပဒေ၊ အရပ်သားရာနဲ့ချီသေဆုံးစေခဲ့တဲ့ ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒါ့အပြင် အချို့သော အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးပြီး အခြားအဖွဲ့တွေရဲ့ လက်နက်ရရှိမှုကို ပိတ်ပင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ကျောထောက်နောက်ခံပြုမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

မဟာဗျူဟာကျတဲ့ မြို့တွေ ပြန်လည်သိမ်းပိုက်ခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် စတင်ခဲ့တဲ့ ဒီစစ်ပွဲဟာ အခုဆိုရင် ငါးနှစ်ထဲကို ရောက်ရှိလာပါပြီ။ လက်နက်မဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲမှုတွေကနေ လူငယ်တွေက လက်နက်ကိုင်စွဲကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ဖွဲ့စည်းခဲ့ကြတာကနေ ဒီစစ်ပွဲ စတင်ခဲ့တာဖြစ်ပါတယ် ။ သူတို့ကို မြန်မာနိုင်ငံ နယ်စပ်ဒေသတွေကို ထိန်းချုပ်ထားပြီး ၁၉၄၈ ခုနှစ် နိုင်ငံစတင်တည်ထောင်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်လာခဲ့ကြတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အကူညီပေးခဲ့ကြပါတယ်။
လက်နက်ကိုင်ပဋိပက္ခများနှင့် ဖြစ်ရပ်များ ဒေတာပရောဂျက် (ACLED) ရဲ့ အဆိုအရ ပဋိပက္ခကြောင့် သေဆုံးသူ အရေအတွက်ဟာ ယခုအခါ ၁၀၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ အဆိုအရ လူပေါင်း ၃.၉ သန်း နေရပ်စွန့်ခွာထွက်ပြေးနေရကာ သုံးပုံတစ်ပုံခန့်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းက ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အတိုက်အခံပါတီကြီးတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပေးဘဲ နိုင်ငံအနှံ့ မဲပေးလို့မရတာ ဒါမှမဟုတ် မဲဆွယ်မှုကို ဘက်ပေါင်းစုံက တင်းကျပ်ထားတဲ့ ရွေးကောက်ပွဲကို ကျင်းပ အနိုင်ယူခဲ့ပါတယ် ။ ပြီးတော့ ဧပြီလမှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဘဝကနေ နေပြည်တော်က အရပ်သားအမည်ခံ အစိုးရရဲ့ အကြီးအကဲအဖြစ်ကို ကူးပြောင်းလာခဲ့ပါတယ်။
အခုအခါမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချင်းပြည်နယ်အပါအဝင် လက်နက်ကိုင်တိုက်ခိုက်နေသူတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်းပြောလာပါတယ်။ဒါပေမဲ့ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ စစ်တပ်ဟာ ဒီနှစ်ထဲမှာ ချင်း၊ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်တွေမှာ ထိုးစစ်အသစ်တွေ စတင်ခဲ့ပြီး၊ လွတ်လပ်သော သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ အဆိုအရ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ လက်လွှတ်ခဲ့ရတဲ့ မြို့ ၁၀၁ မြို့ထဲက ၂၂ မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေရဲ့ ၉ ရာခိုင်နှုန်း ရှိပေမဲ့ အဆိုပါနေရာတွေဟာ နယ်စပ်ဒေသတွေကို စစ်တပ်ရဲ့ အဓိကစခန်းတွေ ရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ဆက်သွယ်ပေးထားတဲ့ မဟာဗျူဟာကျတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေအပေါ်မှာ တည်ရှိနေပါတယ်။
အဲဒီမြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဟာ "တော်လှန်ရေးအဖွဲ့များစွာရဲ့ စီးပွားရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး စွမ်းရည်ကို ထိခိုက်စေခဲ့ပါတယ်" လို့ ACLED ရဲ့ လေ့လာသုံးသပ်သူ ဆုမွန် (Su Mon) က မကြာသေးမီက ထုတ်ပြန်တဲ့ အကျဉ်းချုပ်မှတ်စုမှာ ရေးသားခဲ့ပါတယ်။ စစ်တပ် အနေနဲ့ အဲဒီဒေသတွေမှာ ကိုယ်ပိုင်အုပ် ချုပ်ရေး အပြည့်အဝ မပြန်လည်ထူထောင်နိုင်သေးပေမဲ့ "အဲဒီအောင်ပွဲတွေက တော်လှန်ရေးအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွယ်မှုကို ထိခိုက်စေခဲ့ပြီး အတိုက်အခံအဖွဲ့တွေကို အကြီးစား ပူးပေါင်းထိုးစစ်ဆင်မှုတွေကနေ ခံစစ်ဆင်တဲ့ ပြောက်ကျားစစ် ဘက်ကို ကူးပြောင်းသွားစေခဲ့တယ်" လို့ သူမက ဆိုပါတယ်။
ဒါပေမဲ့လည်း စစ်တပ်အနေနဲ့ အတိုက်အခံတွေကို "နိုင်ငံရေးအရ သို့မဟုတ် အပြီးအပိုင် အနိုင်ယူနိုင်ဖို့တော့ မဖြစ်နိုင်သေးပါဘူး" လို့ သူမက ဖြည့်စွက်ပြောကြားခဲ့ပြီး လာမယ့်လတွေမှာ မြန်မာနိုင်ငံဟာ "ကြံ့ကြံ့ခံရမယ့် ကြာရှည်စစ်ပွဲကြီးနဲ့ ရင်ဆိုင်ရတော့မှာပါ" လို့ သတိပေးခဲ့ပါတယ်။
မြန်မာစစ်တပ်ကတော့ ဒီစစ်မြေပြင် အောင်ပွဲတွေနဲ့ ပတ်သက်ပြီး ဂုဏ်ယူဝင့်ကြွားနေပါတယ်။ ဒီလထဲမှာ ဘန်ကောက်မြို့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဟာ "ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရှိနေပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီ ဦးတည်နေပါတယ်" လို့ ပြောကြားခဲ့သလို နိုင်ငံပိုင် မီဒီယာတွေမှာလည်း နိုင်ငံတစ်ဝန်းက စစ်ဆင်ရေးတွေကနေ အောင်ပွဲခံပြန်လာကြတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ပုံတွေကို ဖော်ပြခဲ့ပါတယ်။

'တားဆီးလို့မရတဲ့ လေကြောင်းအင်အား'
ဘန်ကောက်အခြေစိုက် လုံခြုံရေးလေ့လာသုံးသပ်သူ အန်သိုနီ ဒေးဗစ် (Anthony Davis) ကတော့ ပြည်သူ့ စစ်မှုထမ်းဥပဒေသစ်နဲ့ တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုတွေဟာ စစ်တပ်အတွက် အလွန်အရေး ပါခဲ့တယ်လို့ ပြောပါတယ်။၂၀၂၄ ခုနှစ်မှာ စတင်ပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေသစ်ကနေ မြန်မာစစ်တပ်ထဲကို လူပေါင်း ၁၅၀,၀၀၀ နီးပါး ရောက်ရှိလာစေခဲ့ပြီး၊ စစ်သားအသစ်အများစုဟာ လေ့ကျင့်မှု အလွန်နည်းပါးပေမဲ့ ရှေ့ဆက်တိုးဖို့အတွက်တော့ လုံလောက်တဲ့ အင်အားဖြစ်လာစေခဲ့တယ်လို့ သူက ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် အားကောင်းတဲ့ အတိုက်အခံ တပ်ဖွဲ့နှစ်ခုဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကို တိုက်ပွဲတွေကနေ ဆုတ်ခွာသွားစေခဲ့ပြီး၊ စစ်တပ်ကို အခြားနေရာတွေမှာ တပ်အင်အားပြန်လည် ဖြန့်ကြက်နိုင်အောင် လွတ်လပ်ခွင့်နဲ့လုပ်ပိုင်ခွင့် ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ ဘေဂျင်းအစိုးရဟာ မြန်မာနိုင်ငံရဲ့ အင်အားအခိုင်အမာဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ 'ဝ' တပ်ဖွဲ့ (UWSA) ကိုလည်း အတိုက် အခံအဖွဲ့တွေကို လက်နက်မရောင်းချဖို့ ဖိအားပေးခဲ့တာကြောင့် တစ်နိုင်ငံလုံးမှာ ကျည်ဆံ ရှားပါးမှုပြဿနာကို ဖြစ်ပေါ်စေခဲ့ပါတယ်။
"စစ်ပွဲစတင်ကတည်းက တားဆီးလို့မရတဲ့ လေကြောင်းအင်အားဟာ စစ်တပ်အတွက် အဓိက အသာစီးရစေတဲ့ အချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်" လို့ ဒေးဗစ်က ဖြည့်စွက်ပြောကြားခဲ့ပြီး စစ်သားတွေအတွက် ရိက္ခာဖြည့်တင်းရာမှာရော အတိုက်အခံတပ်တွေကို တိုက်ခိုက်ရာမှာပါ အသုံးဝင်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ "ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေး နှစ်ဘက်စလုံးမှာ ဒရုန်းနည်းပညာတွေ လျင်မြန်စွာ ပြန့်နှံ့လာတာနဲ့အတူ မတူညီတဲ့ တိုက်ခိုက်ရေး လက်နက်တွေအကြား စစ်မြေပြင် ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်လာတာတွေက စစ်တပ်ရဲ့ စွမ်းရည်ကို ပိုမိုမြင့်မားလာစေခဲ့ပါတယ်" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဒီလေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ခံစားနေရတဲ့ ထိခိုက်မှုတွေကတော့ အလွန်တရာ ကြီးမားလှပါတယ်။ မြန်မာအင်တာနက် ပရောဂျက် (Myanmar Internet Project) ရဲ့ စာရင်းတွေအရ ဧပြီလကနေ ဇွန်လအထိ လေကြောင်းတိုက်ခိုက်မှု ၅၂၀ ကြိမ် ရှိခဲ့ပြီး မြို့နယ် ၈၇ မြို့နယ်ကို ထိမှန်ခဲ့ကာ ကလေးငယ် ၄၁ ဦး အပါအဝင် အရပ်သား အနည်းဆုံး ၃၁၄ ဦး သေဆုံး ခဲ့ပါတယ်။ ချင်းပြည်နယ်ဟာ လေကြောင်းတိုက်ခိုက်မှု ၁၂၂ ကြိမ်နဲ့ အထိနာဆုံး ဖြစ်ခဲ့ပြီး စစ်ကိုင်းမှာ ၁၀၁ ကြိမ်နဲ့ ရခိုင်မှာ ၉၈ ကြိမ် အသီးသီး ရှိခဲ့ပါတယ်။
အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ကာကွယ်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန် (Phil Robertson) ကတော့ "စစ်တပ်ရဲ့ လေကြောင်းသာလွန်မှုကို တော်လှန်ရေးဘက်က တုံ့ပြန်နိုင်စွမ်း မရှိတာဟာ" အတိုက်အခံတွေရဲ့ စိတ်ဓာတ်ကို အားနည်းစေခဲ့တယ်လို့ ဆိုပါတယ်။
"လေကြောင်း တိုက်ခိုက်မှုတွေဟာ PDF တွေနဲ့ အခြားသော တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်ကို ကျဆင်းစေပြီး တော်လှန်ရေးကို ထောက်ပံ့ပေးနေတဲ့ အရပ်သားတွေကိုပါ ကွဲပြားပျံ့နှံ့သွားစေပါတယ်" လို့ သူက အယ်လ်ဂျာဇီးယားကို ပြောပါတယ်။

'ကျွန်တော်တို့ ဆက်လက် ရပ်တည်သွားမှာပါ'
ဘယ်လိုပဲဖြစ်ဖြစ် အာဏာသိမ်းစစ်အုပ်စူကို ဆန့်ကျင်တဲ့ အင်အားစုတွေကတော့ ဒီစစ်ပွဲမှာ သူတို့ မရှုံးသေး ဘူး လို့ အခိုင်အမာ ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။ပြည်ပမှာ ခိုလှုံနေထိုင်နေတဲ့ တက်ကြွလှုပ်ရှားသူ မသင်ဇာရွှန်းလဲ့ရည် (Thinzar Shunlei Yi) ကတော့ အတိုက်အခံကွန်ရက်တွေဟာ စည်းရုံးရေးမှူးတွေကို ဆက်လက် လေ့ကျင့်ပေးနေဆဲဖြစ်ပြီး ထောက်ပံ့မှုတွေကို တည်ဆောက်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
"အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ကြီးမားတဲ့ ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ရရင်တောင်မှ ကျွန်မတို့မှာ ခုခံလိုတဲ့ ရဲစွမ်းသတ္တိနဲ့ ဂုဏ်သိက္ခာ ရှိပါတယ်။ မြန်မာပြည်သူတွေက ဒီစိတ်ဓာတ်ကို ဆက်ထိန်းထားကြပြီး ရှေ့ဆက် ချီတက်သွားကြမှာပါ" လို့ သူမက ဆိုပါတယ်။
ချင်းပြည်နယ်မှာရှိနေတဲ့ ဆလိုင်းဝီလျံချင်းကလည်း တော်လှန်ရေးရှေ့ဆက်ဖို့ယုံကြည်ချက်ခိုင်မာနေဆဲ ဖြစ်ပါတယ်။
"ကျွန်တော်တို့မှာ နောက်ထပ်အစီအစဉ်တွေရှိပေမဲ့ အခုထိလူသိရှင်ကြားပြောပြဖို့တော့ စောသေးပါတယ်။ လေကြောင်းအင်အားကြောင့် စစ်မြေပြင်ရဲ့အဆုံးအဖြတ်ကို အပြီးအပိုင်ပေးလိုက်ရပြီလို့ ကျွန်တော်မပြောလိုပါဘူး။ ဒါဟာ ဆိုးရွားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲဖြစ်ပေမဲ့ စစ်ပွဲဆိုတာကလည်းပြောင်းလဲနေပြီး တော်လှန်ရေးအင်အားစုတွေကလည်း ဆက်လက်သင်ယူလိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေကြဆဲပါ" လို့ သူက ပြောပါတယ်။
အတိုက်အခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုကို "မြို့တိုင်းကို အပြီးအပိုင်သိမ်းပိုက်ထားနိုင်ခြင်း ရှိမရှိ ဆိုတဲ့အချက်တစ်ခုတည်းနဲ့ တိုင်းတာလို့မရပါဘူး" လို့ သူကဖြည့်စွက်ပြောပါတယ်။
"စစ်တပ်က အထူးသဖြင့်လေကြောင်းအင်အားကြောင့် အသာစီးရနေတဲ့နေရာတွေမှာ ရွေ့လျားစစ်ဆင်ရေးတွေကပိုပြီးထိရောက်နိုင်ပါတယ်။ အရေးကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေရဲ့ အင်အားကို ထိန်းသိမ်းထားဖို့၊ အရပ်သားတွေကိုကာကွယ်ဖို့နဲ့ တိုက်ပွဲကိုဆက်လက်ဆင်နွှဲနိုင်စွမ်းကို ဆက်လက်မြှင့်တင်ထားဖို့"လိုတယ်လို့သူကဆိုပါတယ်။
အယ်လ်ဂျာဇီးယားသတင်းဌာနက caleb quinleyရဲ့ဆောင်းပါးကို မြန်မာဘာသာပြန်ထားတာဖြစ်ပါတယ်။




Comments