ထောင် ၁၅နှစ်ချခံထားရတဲ့ CDMကျောင်းဆရာတစ်ဦး သေဆုံး
- BVJ
- May 5
- 1 min read
BVJ/ဇော် - မေ ၅ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကသာအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဟိဏ်းမင်းသူကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သိရပါတယ်။
ကိုဟိဏ်းမင်းသူ (ခ) အာနိုး အသက် (၃၃) နှစ်ဟာ အခုနှစ် ဧပြီ ၂၆ ရက်မှာ အတက်ရောဂါဝေဒနာကကြောင့် သတိမေ့မြောနေတဲ့အခြေအနေမှာ ဆေးဝါးကုသခွင့် လုံလောက်စွာမရတဲ့အတွက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ PPNMက ဒီနေ့ မေလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
“သတိမေ့မြောသွားတဲ့အခြေအနေရောက်မှ ထောင်ပြင်ပဆေးရုံကို တတ်ရောက်ခွင့်ရခဲ့တယ်။ ထောင်ပြင်ပဆေးရုံမှာ အသက်ဆုံးရှုံးခဲ့ပါတယ်။ အတက်ရောဂါနဲ့ သတိမေ့မြောသွားတဲ့အခြေအနေက ထောင်ထဲရောက်ပြီး ကာလအတော်ကြာမှဖြစ်တာဆိုတော့ နဂိုမူလတည်းကဖြစ်တာလား။ ဒါမှမဟုတ် ထောင်ထဲရောက်မှ ဖြစ်တဲ့ရောဂါလားဆိုတာ ကျွန်တော်တို့ ဆက်ပြီးအတည်ပြုရဦးမှာဖြစ်ပါတယ်”လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Burma VJ ကိုပြောပါတယ်။
ကိုဟိဏ်းမင်းသူရဲ့ ရောဂါအခြေအနေနဲ့ပတ်သက်ပြီး မိသားစုဘက်က အဆက်အသွယ်ရ၊မရနဲ့ မိသားစုကဆေးဝါးကုသခွင့်တောင်းခံခဲ့မှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။
“ဆေးဝါးကုသခွင့် တောင်းခံဖို့က မိသားစုကမသိရတဲ့ အခြေအနေဖြစ်ဖို့များတယ်။ အင်းတော် - ကသာတိုက်ပွဲတွေဖြစ်နေတော့ ဖုန်းလိုင်းတွေ အဆက်အသွယ်တွေရဖို့က အင်မတန်ခက်ခဲတယ်။ ဒါ့ကြောင့် မိသားစုဘက်က အခြေအနေတွေ မသိရသေးပါဘူးခင်ဗျ” လို့ ကိုသိုက်ထွန်းဦးက ဆက်လက်ပြောပါတယ်။
ကိုဟိဏ်းမင်းသူက အင်းတော်ဒေသခံ CDM ကျောင်းဆရာတစ်ဦးဖြစ်ကာ တော်လှန်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တာကြောင့် ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးတာကိုခံခဲ့ရတာဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၂၈ရက်မှာ ပုဒ်မ ၅၀ - ည၊ ၅၂ - က၊ ၅၂ - ခ ပုဒ်မ (၃) ခုနဲ့ ထောင်ဒဏ် ၁၅ နှစ်ကျခံခဲ့ရတာဖြစ်ပါတယ်။
Comments