ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကိုသိမ်းယူချိန် စစ်ကောင်စီတပ်ကို ထိုင်းဘက်က အကူအညီပေးခဲ့
- BVJ
- 5 days ago
- 1 min read
စစ်ကောင်စီရဲ့ ထီးခန်းတပ်စခန်း လေးပုံသုံးပုံဟာ ထိုင်းနယ်မြေထဲရှိနေတာကြောင့် ခက်ခက်ခဲခဲတိုက်ယူခဲ့ရ
BVJ/ထက်အောင် _ မေ ၉ ၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသမှာရှိတဲ့ စစ်ကောင်စီ ထီးခီးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ ဦးဆောင်မှုနဲ့အတူ မဟာမိတ်ပူးပေါင်းတပ်တွေက ဒီနေ့ မေလ ၉ ရက် မနက်ပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ Force for Federal Democracy – FFD ထံက သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ တပ်မဟာ ၄ ထဲမှာရှိတဲ့ ထီးခီးတပ်စခန်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်သိမ်းယူချိန်မှာ စစ်ကောင်စီတပ်ကို ထိုင်းနိုင်ငံဘက်က လောင်စာဆီပံ့ပိုးပေးတာတွေလည်းရှိခဲ့တယ်လို့ FFD ဒုတိယတာဝန်ခံ ကိုအောင်အောင်က ပြောပါတယ်။
“ထီးခီးစခန်းကို ဒရုန်းပစ်ကူ ၁၂၀၊ လက်နက်ကြီးပစ်ကူအားကောင်းကောင်းနဲ့ ခက်ခက်ခဲခဲ သိမ်းပိုက်ခဲ့ရတာဖြစ်တယ်။ ဘာလို့ခက်ခက်ခဲခဲ သိမ်းပိုက်ခဲ့ရသလဲဆိုတော့ ထီးခီးစခန်းရဲ့ လေးပုံသုံးပုံလောက်က ထိုင်းနိုင်ငံထဲမှာ ရှိနေတယ်။ ထိုင်းနိုင်ငံထဲကို ဝင်နေတဲ့အနေအထားမှာ ရှိနေတယ်။ ထိုင်းနဲ့ နယ်စပ်စည်းမျဉ်းပေါ်မှာပဲလည်း ရှိနေတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံရဲ့ဖိအားတချို့ ကျွန်တော်တို့မှာရှိပါတယ်။ အခု ကျသွားတဲ့ ထီးစခန်းအတွက် ထိုင်းနိုင်ငံက အကူအညီပေးခဲ့တာတွေရှိတယ်။ မီးစက်တွေ တင်ပေးတာရှိတယ်။ ဆီတွေ တင်ပေးတာရှိတယ်။ ထွက်ပြေးသွားတဲ့ ရန်သူ့စစ်သားတွေကို ပြန်မောင်းတင်တာမျိုးတွေရှိတယ်” လို့ ကိုအောင်အောင်က Burma VJ ကို ပြောပါတယ်။

စစ်ကောင်စီ ထီးခီးတပ်စခန်းမှာ အမှတ် ၂၅ ခြေလျင်တပ်ရင်း (ခလရ) က တပ်ရင်းမှူးကိုယ်တိုင် အထိုင်ချတပ်စွဲထားတဲ့ စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီအင်အား ၁၅၀ ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာလည်း စစ်ကောင်စီက ရဟတ်ယာဉ် ၄ စင်းနဲ့ စစ်ကူအင်အား၊ လက်နက်အင်အား ဖြည့်တင်းပေးတာမျိုးတွေလည်းရှိခဲ့ပေမဲ့ နောက်ဆုံးမှာ KNLA ၊ FFD ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်သိမ်းယူမှုအတွင်း စခန်းကို လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ထားဝယ်မြို့နယ် ထီးခီးဒေသမှာရှိတဲ့ ထီးထဗျူဟာစခန်းကို KNLA ၊ FFD နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက က သိမ်းယူနိုင်ခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ဗျူဟာမှူးသေဆုံးခဲ့ပါတယ်။
ထီးထဗျူဟာစခန်းကို သိမ်းယူပြီးနောက် ထီးခီးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ချိန် ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်မှာ စစ်ကောင်စီက အထိုင်ချတပ်စွဲထားတာကြောင့် ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းယူခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ လက်နက်ကြီး ၁၂၀ မမ ပစ်ကူအင်အားတွေ အများအပြား အသုံးပြုခဲ့ရတယ်လို့လည်း သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ထီးထဗျူဟာစခန်းနဲ့ ထီးခီးတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်သိမ်းယူချိန် စစ်ကောင်စီ လေကြောင်းပစ်ကူပေးခဲ့ပြီး စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ Y-12 လေယာဉ်တွေဟာ ထိုင်းနယ်မြေတွေ ဝင်ရောက်ဖြတ်ကျော်ပျံသန်းခဲ့တာကြောင့် ထိုင်းစစ်တပ်က နယ်စပ်တလျှောက် လုံခြုံရေးတင်းကြပ်ထားရသလို ဝေဟင်ပစ်လက်နက်တွေကိုပါ တပ်ဆင်ထားရတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Comments