ထိုင်း-မြန်မာနယ်စပ် မော်ဖားသူးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး ထိုင်းဘက် ထွက်ပြေး
- BVJ
- Apr 24
- 1 min read
BVJ/Moore _ ဧပြီ ၂၀ ၊ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် မော်ဖားသူရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်သိမ်းယူမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာတယ်လို့ ထိုင်းသတင်းဌာန The Reporter က ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးလာတာကြောင့် နယ်စပ်တစ်လျှောက် ထိုင်းနယ်ခြားစောင့်တပ်က လုံခြုံရေးတင်းကြပ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဒေါနတောင်အရှေ့ဘက်ခြမ်းမှာရှိတဲ့ မော်ဖားသူတပ်စခန်းကို KNLA တပ်မဟာ ၇၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၅ နဲ့ ပူးပေါင်းတပ်တွေက နှစ်ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
မော်ဖားသူတပ်စခန်းကို KNLA ၊ KNDO ပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့ပြီလို့ သတင်းမီဒီယာအချို့မှာ ဖော်ပြထားတာကြောင့် အတည်ပြုနိုင်ဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံနယ်စပ် တစ်မိုင်ခန့်အကွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်းနယ်ခြားစောင့်အထူးတပ်ဖွဲ့၊ မယ့်ရမတ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကလည်း နယ်စပ်တစ်လျှောက် ကင်းလှည့်လုံခြုံရေးလုပ်ဆောင်တာတွေလည်း ရှိနေပါတယ်။
မော်ဖားသူတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးပစ်ကူနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၂၄၀ ကျော်ဟာ သောင်းရင်းမြစ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ့်ရမတ်မြို့နယ်ထဲကို ဝင်ရောက်လာတာကြောင့် ထိုင်းနယ်ခြားစောင့်တပ်နဲ့ ဒေသတာဝန်ရှိသူတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးထားရတယ်လို့လည်း သိရပါတယ်။
မနေ့ ဧပြီ ၁၉ ရက် ညနေပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းက စစ်ကောင်စီ ထီးထဗျူဟာတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး ဗျူဟာမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တယ်လို့သိရပါတယ်။
Comentarios