ထိုင်းမှာ တရုတ်ခရီးသည်တွေ လူကုန်ကူးခံရတဲ့ဖြစ်စဉ်ကြောင့် ထိုင်းအစုရှယ်ယာဈေးတွေ ကျဆင်း
- BVJ

- Jan 14, 2025
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၁၄ ၊ ၂၀၂၅

ထိုင်းနိုင်ငံတွင်း တရုတ်ခရီးသွားတွေ လူကုန်ကူးခံရမှု မြင့်တက်လာချိန် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်မယ့် ခရီးစဉ်တွေကို တရုတ်နိုင်ငံသားအများစုက ဖျက်သိမ်းလာကြပါတယ်။ တရုတ်ခရီးသည်တွေ ဝင်ရောက်မှု လျော့ကျလာမှုနဲ့အတူ ထိုင်းဟိုတယ်နဲ့ ခရီးသွားလေကြောင်းလုပ်ငန်းဆိုင်ရာ ရှယ်ယာဈေးတွေလည်း ကျဆင်းသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။
လာမယ့် တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်ခရီးသည် ၈ သန်းခန့် ထိုင်းနိုင်ငံတွင်းကို လာရောက်လည်ပတ်မယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ လူကုန်းကူးခံရမှုဖြစ်စဉ်တွေနောက်ပိုင်း တရုတ်ခရီးသည် ဝင်ရောက်မှု လျော့ကျနေသလို ထိုင်းဟိုတယ်နဲ့ ခရီးသွားလေကြောင်းလုပ်ငန်းတွေဖြစ်တဲ့ Airports of Thailand (AOT) ဟာ ဒီနေ့ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းမှာ ထိုင်းစတော့ရှယ်ယာနှုန်း ၂ ဒသမ ၅၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ထိုင်းဟိုတယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဦးဆောင်နေတဲ့ Erawan Group (ERW) လုပ်ငန်းအပါအဝင် Central Plaza Hotel (CENTEL) ၊ လေကြောင်းလိုင်းလုပ်ငန်းတွေဖြစ်တဲ့ Bangkok Airways (BA) နဲ့ Asia Aviation (AAV) တို့ရဲ့ အစုရှယ်ယာဈေးတွေလည်း ၂ ဒသမ ၅ ရာခိုင်နှုန်းက ၅ ဒသမ ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံတွင်း လာရောက်လည်ပတ်တဲ့ ခရီးသွားကျဆင်းမှုနဲ့ အစုရှယ်ယာဈေးနှုန်း ကျဆင်းမှုဟာ ဆက်စပ်နေပြီး ဒါဟာ ပြီးခဲ့တဲ့တစ်ပတ်က လူကုန်ကူးခံခဲ့ရတဲ့ တရုတ်မင်းသား ဝမ်ရှင်းဖြစ်ရပ်နောက်ပိုင်းမှာ တရုတ်ခရီးသည်တွေရဲ့ ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းမှုနဲ့အတူ ဟိုတယ်ခရီးသွားလုပ်ငန်း ရှယ်ယာဈေးနှုန်းတွေလည်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
တရုတ်မင်းသား ဝမ်ရှင်းဖြစ်ရပ် နောက်ဆက်တွဲနဲ့အတူ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ချိန် မလုံခြုံမှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေကြောင့် ထိုင်းနိုင်ငံတွင်း ခရီးသည်ဝင်ရောက်မှု ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်တယ်လို့လည်း ထိုင်းခရီးသွားလုပ်ငန်းများအဖွဲ့အစည်းကလည်း ပြောပါတယ်။




Comments