အမေရိကန်အထူးကိုယ်စားလှယ်နဲ့ ရုရှားသမ္မတပူတင် ဒီနေ့တွေ့ဖို့ရှိ

သူရ/BVJ_အောက်တိုဘာ ၂၁၊ ၂၀၂၆

အမေရိကန်အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ဆွေးနွေးဖို့အတွက် ဒီနေ့ ရုရှားနိုင်ငံကိုသွားရောက်မှာဖြစ်ပါတယ်။
အမေရိကန်အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် ဒီနေ့ဗုဒ္ဓဟူးနေ့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့တွေ့ဆုံဖို့ရှိနေပြီး ဝစ်ကော့ဖ်အနေနဲ့ "တိုက်ရိုက်သုံးပွင့်ဆိုင်နဲ့ ပိုမိုကျယ်ပြန့်တဲ့ဘက်စုံညှိနှိုင်းဆွေးနွေးမှုတွေဆီ ဦးတည်မယ့်လမ်းကြောင်းတစ်ခုကို ဖန်တီးဖို့" ရည်မှန်းထားတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးကပြောပါတယ်။
မနေ့ကအင်္ဂါနေ့က နော်ဝေနိုင်ငံ၊အော်စလိုမြို့မှာကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာ အမေရိကန်ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်၊ နော်ဝေနဲ့ ဖင်လန်ခေါင်းဆောင်တွေအပြင် ဥရောပနဲ့နေတိုး (NATO) ကိုယ်စားလှယ်တွေလည်းပါဝင်ခဲ့ကြပြီး ယူကရိန်းဘက်ကနေအကြံဉာဏ်သစ်တွေနဲ့ အဆိုပြုချက်အသစ်တွေကို တင်ပြခဲ့ကြပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာပါဝင်သူတွေအနေနဲ့ ရုရှားနဲ့ထိတွေ့ဆက်ဆံမယ့် ညှိနှိုင်းချဉ်းကပ်ပုံလမ်းကြောင်းအတွက် "အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်မှုများ" ရရှိခဲ့တယ်လို့ အမေရိကန်အရာရှိကဆိုပါတယ်။ အမည်မဖော်လိုတဲ့ အဲဒီအရာရှိရဲ့အဆိုအရ အဆိုပါဆွေးနွေးပွဲတွေမှာ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်တွေစစ်ပြီး ခေတ်စီးပွားရေးအစီအစဉ်နဲ့ကျယ်ပြန့်တဲ့ ဥရောပလုံခြုံရေးဗိသုကာပုံစံ စတဲ့ "ဘက်စုံငြိမ်းချမ်းရေးမူဘောင်ရဲ့ အဓိကအစိတ်အပိုင်းတွေ" ကိုဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
နောက်ဆုံးပေါ် ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီး ပူတင်က လူသိရှင်ကြား မှတ်ချက်ပေးခြင်းမရှိသေးပေမဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လပ်ဗရော့ဗ်ကတော့ ရုရှားအစိုးရအနေနဲ့ ဝစ်ကော့ဖ်ဘက်က ဘာတွေကမ်းလှမ်းဆွေးနွေးမလဲဆိုတာကို နားထောင်သွားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ "မည်သည့် နိုင်ငံရေးဆိုင်ရာ အလျှော့ပေးမှုမျိုးကိုမဆို" လုံးဝလက်ခံမှာမဟုတ်ကြောင်း အစောပိုင်းကပြောကြားခဲ့ပါတယ်။
ယူကရိန်းနဲ့ အမေရိကန်ကြားဆက်ဆံရေးဟာ မကြာခင်ရက်များအတွင်း အလွန်အမင်းယိုယွင်းလာခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းမှာ ဇယ်လန်းစကီးနေရာမှာ သမ္မတအသစ်တစ်ဦးရှိလာဖို့ အချိန်တန်ပြီဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။
အော်စလိုမြို့မှာ ဇယ်လန်းစကီးရဲ့သတင်းစာရှင်းလင်းပွဲအပြီးမှာ ထရမ့်က အိမ်ဖြူတော်ကသတင်းထောက်တွေကို ယူကရိန်းအနေနဲ့ "သဘောတူညီချက်တစ်ခု လုပ်ဆောင်ဖို့" သူလိုလားကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။ ရုရှားဘက်ကလည်း ဒါကို "ပြီးမြောက်အောင် လုပ်ချင်နေကြပြီး" "ယူကရိန်းအနေနဲ့ ဒီစစ်ပွဲကို အဆုံးသတ်ရမယ့်အချိန် ရောက်ပါပြီ"လို့ သူကဆိုပါတယ်။
ပူတင်ဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကိုအပြည့်အဝကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာရုရှားက ယူကရိန်းနယ်မြေရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပါတယ်။




Comments