ထိုင်းဘက်ကရနေတဲ့ လျှပ်စစ်မီးဖြတ်ခံရပြီးနောက် မြဝတီမြို့မှာ လောင်စာဝယ်ယူမှု ရုတ်တရက်မြင့်တက်လာ
- BVJ

- Feb 5, 2025
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၅ ၊ ၂၀၂၅
ထိုင်းနိုင်ငံဘက်ခြမ်းကနေ မြန်မာနိုင်ငံ နယ်စပ်မြို့ ဒေသငါးခုကို ပေးပို့နေတဲ့ လျှပ်စစ်နဲ့ လောင်စာဆီ ဖြတ်တောက်ခဲ့ပြီးနောက်မှာ မြဝတီမြို့ ဒေသခံတွေဟာ ဓာတ်ဆီနဲ့ ဒီဇယ် ဖြန့်ဖြူးရောင်းချတဲ့ဆိုင်တွေမှာ တန်းစီဝယ်ယူတဲ့အထိ ဖြစ်လာပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးစီမံချက်နဲ့ ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီကစတင်ပြီး မြဝတီ၊ တာချီလိတ်နဲ့ ဘုရားသုံးဆူက နေရာငါးခုကို ထိုင်းဘက်ကနေ လျှပ်စစ်မီးနဲ့ လောင်စာဆီပေးပို့မှုရပ်ဆိုင်းခဲ့တာကြောင့် မြဝတီဒေသခံတွေဟာ လောင်စာဆီပြတ်လပ်မှာကို စိုးရိမ်ပြီး ဝယ်ယူမှုများလာတာဖြစ်တယ်လို့ ဒေခံကဆီကသိရပါတယ်။
“ဒီမနက် မီးတွေပြတ်သွားပြီး လောင်စာဆီပေးပို့တာလည်း မလုပ်တော့ဘူးဆိုတော့ ဒီက ဒေသခံတွေက ဆီပြတ်မှာ စိုးရိမ်ပြီး ဆီဆိုင်တွေမှာ ဓာတ်ဆီ၊ ဒီဇယ်တွေ ဝယ်နေကြတာ။ အခုဆို ကားလမ်းတွေပါ ပိတ်နေတာ” လို့ မြဝတီဒေသခံတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
ထိုင်းနိုင်ငံဘက်ခြမ်းက လျှပ်စစ်မီးနဲ့ လောင်စာဆီ ပေးပို့မှု ရပ်တန့်လိုက်တာကြောင့် ဒေသတွင်းမှာရှိတဲ့ အောက်စီဂျင်စက်ရုံအပါအဝင် လုပ်ငန်းအချို့လည်းရပ်တန့်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မြဝတီဒေသခံတွေက နေအိမ်တွေနဲ့ လုပ်ငန်းအချို့မှာ ဆိုလာစနစ် တပ်ဆင်ထားတာတွေလည်း ရှိနေပါတယ်။
လတ်တလောအခြေအနေအရတော့ သိုလှောင်ထားတဲ့ လောင်စာဆီအချို့ ရှိနေတာကြောင့် စက်ရုံနဲ့ လုပ်ငန်းအချို့ ဆက်လက်လည်ပတ်နိုင်ဖွယ်ရှိနေပေမဲ့ ရေရှည်မှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့လည်း ဒေသခံက ပြောပါတယ်။
နယ်စပ်မှာအခြေစိုက်လှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်းတွေကိုနှိမ်နင်းဖို့အတွက် လျှပ်စစ်မီးဖြတ်တောက်ဖို့ကို ထိုင်းဝန်ကြီးချုပ်က ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
(ဗီဒီယို - ကိုကျော်လင်း ပေးပို့ )




Comments