ထိုင်းဘက်က သတိပေးနေတဲ့ကြားက စစ်ကောင်စီတိုက်လေယာဉ်က မြန်မာနယ်စပ်တစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်
- BVJ
- Apr 24
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၂၁ ၊ ၂၀၂၅

ထိုင်းနိုင်ငံ လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီလေယာဉ်ကို ထိုင်းစစ်တပ် တာဝန်ရှိသူတွေက သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ လျစ်လျူရှုခဲ့ကာ ထိုင်း-မြန်မာနယ်စပ်အနီးမှာ ဗုံးကြဲမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနက Khaosod က ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံနယ်စပ် ကန်ချနာဘူရီခရိုင် ဘန်ဖူနမ်ကျေးရွာအနီး ထိုင်းလေပိုင်နက်ထဲကို ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီလေယာဉ်က ဖြတ်ကျော်ဝင်ရောက်ခဲ့တာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ထီးခီးဒေသထဲကို ဗုံး ၁၀ လုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi17 နဲ့ Y12 လေယာဉ်တို့ကို ကန်ချနာဘူရီ ဒေသခံပြည်သူတွေက ဓာတ်ပုံမှတ်တမ်းရယူနိုင်ခဲ့ပြီး ထိုင်းစစ်တပ် တာဝန်ရှိသူတွေကလည်း လေကြောင်းရန်ကာကွယ်ရေးလက်နက် ၃ ခုနဲ့ ထိုင်းစစ်သား ၆၀ ခန့်ကို နယ်စပ်တစ်လျှောက် လုံခြုံရေးချထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ချိန် စစ်ကောင်စီတိုက်လေယာဉ်တွေ ထိုင်းလေပိုင်နက်ကို မကြာခဏ ကျူးကျော်ဝင်ရောက်မှုတွေရှိခဲ့ပြီး ထိုင်းစစ်တပ်က တိုက်လေယာဉ်တွေက လေကြောင်းရန်ကာကွယ်ရေးအတွက် မကြာခဏ သတိပေးမှုတွေ လုပ်ဆောင်ခဲ့ရတာတွေလည်း ရှိပါတယ်။
Comments