ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးထိခိုက်မှာကိုစိုးရိမ်မနေဘဲ ကြားဝင်စေ့စပ်ညှိနှိုင်းမှုတွေကို ဦးဆောင်သင့်ပြီလို့ ထိုင်းလွှတ်တော်အမတ် ပြော
- BVJ

- May 12
- 1 min read
BVJ/Moore _ မေ ၁၂ ၊ ၂၀၂၅

မြန်မာစစ်တပ် (စစ်ကောင်စီ)နဲ့ မဟာမိတ်ဆက်ဆံရေးထိခိုက်မှာကို စိုးရိမ်နေတာကြောင့် မြန်မာ့အရေး ကြားဝင်ဖြေရှင်းတာမျိုးကိုလုပ်ဆောင်ဖို့ ထိုင်းအစိုးရအနေနဲ့ တုံ့နှေးနေတာဟာ ထိုင်းနိုင်ငံကို အန္တရာယ်ဆွဲခေါ်နေသလို ဖြစ်နေတယ်လို့ ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ဒီနေ့ မေလ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာက စာသင်ကျောင်းကို စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်တဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်အပြီး နာရီပိုင်းအကြာမှာ ထိုင်းလွှတ်တော်အမတ်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။
ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဝန်းကျင် စာသင်ကြားနေချိန် စစ်ကောင်စီက အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားကလေးငယ် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၄၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ ကြားဝင်မှု၊ စေ့စပ်ဆွေးနွေးမှုတွေကို ဦးဆောင်မှုအခန်းကဏ္ဍကနေ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့လိုတယ်လို့ မစ္စတာ Kannavee က ဆိုပါတယ်။ အဲဒီလိုမလုပ်ဆောင်ပါက မြန်မာ့ပဋိပက္ခသက်ရောက်မှုတွေရဲ့ နောက်ဆက်တွဲကို ထိုင်းနိုင်ငံက မလွဲမရှောင် ကြုံတွေ့ရလိမ့်မယ်လို့လည်း သူက သတိပေးပြောထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့ မဟာမိတ်ဆက်ဆံရေးထိခိုက်မှာကို စိုးရိမ်နေတဲ့အပြင် လက်ရှိအာဆီယံမူဘောင်တွေကနေ ရုန်းထွက်ဖို့ စိတ်ဆန္ဒရှိမနေဘူးလို့လည်း သူက ဆိုပါတယ်။ အာဆီယံက ချမှတ်ထားတဲ့ မူဝါဒအရ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဘူးလို့ ချမှတ်ထားတာလည်း ဖြစ်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံကလည်း မကြာမီအချိန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး အလှည့်ကျဥက္ကဌအဖြစ် ဆက်လက်တာဝန်ယူမယ့် ဖိလစ်ပိုင်နိုင်ငံကလည်း မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီလိုအခြေအနေမှာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေး အပြောင်းအလဲတစ်ခုကို လုပ်ဆောင်နိုင်ဖို့အတွက် အပြုသဘောဆောင်တဲ့ ကြားဝင်မှုတွေကို လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျရှုံးနိုင်ငံဖြစ်လာတဲ့ မြန်မာနိုင်ငံအရေးဟာ ထိုင်းနိုင်ငံအပေါ် မလွဲမသွေ ရိုက်ခတ်ကြုံတွေ့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် နေရပ်စွန့်ခွာလာရတဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ၊ လူကုန်ကူးမှုတွေ၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကိစ္စတွေ၊ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ကိစ္စတွေကိုလည်း ရင်ဆိုင်လာရနိုင်တယ်လို့ မစ္စတာ Kannavee က ဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်က ရုရှားအစိုးရရဲ့ အကူအညီနဲ့ ထိုင်းနယ်စပ်အနီးမှာ နျူကလီးယားစက်ရုံ တည်ဆောက်ဖို့ ကြိုးပမ်းနေတာကလည်း ထိုင်းနိုင်ငံရဲ့ ဒေသတွင်းလုံခြုံရေးကို တိုက်ရိုက်ထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီက တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အထူးစီးပွားရေးဇုန်နဲ့ ပဲခူးတိုင်းအလယ်ပိုင်းတို့မှာ ရုရှားရဲ့ အကူအညီနဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ရည်ညွှန်းနေတာကို ထိုင်းလွှတ်တော်အမတ်က ထောက်ပြပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားရေး ထိခိုက်နိုင်တဲ့အခြေအနေတွေကို ဖြေရှင်းဖို့ ထိုင်းနိုင်ငံအနေနဲ့ တုံ့နှေးမနေဘဲ မအောင်မြင်တဲ့ မူဝါဒတွေကိုကနေ အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်တယ်လို့လည်း မစ္စတာ Kannavee က ပြောပါတယ်။







Comments