top of page

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အကူအညီပေးခဲ့တဲ့ ဘုန်းမောက်တိုက်စစ်မှူးကို ခေါ်ယူဖို့ အာဆင်နယ်ပစ်မှတ်ထားနေ

  • Writer: BVJ
    BVJ
  • 15 hours ago
  • 1 min read

အီးကေ/BVJ

ပရီးမီးယားလိဂ်ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ အခုနွေရာသီမှာ ရည်မှန်းချက်ကြီးမားတဲ့အပြောင်းအရွှေ့အစီအစဉ်တွေကို ရေးဆွဲနေပြီး ဘုန်းမောက်အသင်းရဲ့ ကြယ်ပွင့်ကစားသမား အီလီ ဂျူနီယာ ခရူပီ (Eli Junior Kroupi)ကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားပါတယ်။


မန်ချက်စတာစီးတီးအသင်းက ဘုန်းမောက်အသင်းနဲ့သရေကျသွားခဲ့တဲ့အတွက် အာဆင်နယ်တို့ဟာ ၂၂နှစ်အတွင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ဖလားကို အင်္ဂါနေ့ညကဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီပွဲစဉ်မှာ ခရူပီရဲ့ သွင်းဂိုး(သူ့အတွက် ဒီရာသီ ၁၃ ဂိုးမြောက်)ကြောင့် အန်ဒိုနီ အီရာအိုလာရဲ့ ဘုန်းမောက်အသင်းက ပွဲအများစုမှာဦးဆောင်နိုင်ခဲ့ပေမဲ့ နာကျင်အချိန်ပိုမှာ အာလင်းဟာလန်းရဲ့သွင်းဂိုးကြောင့် သရေကျခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အခုနှစ်ချန်ပီယံဖြစ်လာတဲ့အသင်းကိုတည်ဆောက်ဖို့ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၂၅၀ သန်းသုံးစွဲခဲ့ပြီး ဒီနှစ်မှာတော့အဲဒီလောက်အထိ အသုံးစရိတ်ကြီးကြီးမားမားရှိလာဖို့မရှိဘူးလို့ The Guardianကဖော်ပြထားပါတယ်။ ဒါပေမဲ့ ကလပ်အသင်းအနေနဲ့လွန်ခဲ့တဲ့ သုံးနှစ်က ဒက်ကလန်ရိုက်ကို ပေါင် ၁၀၅သန်းနဲ့ခေါ်ယူခဲ့တာမျိုးလိုမျိုး 'ကြယ်ပွင့်ကစားသမား' တစ်ဦးကိုခေါ်ယူနိုင်ဖို့ ရန်ပုံငွေအသင့်ရှိနေမှာဖြစ်ပါတယ်။


အက်သလက်တီကိုမက်ဒရစ်ရဲ့ ကြယ်ပွင့် ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို အာဆင်နယ်ကခေါ်ယူဖို့စဉ်းစားနေပေမဲ့ စပိန်သတင်းတွေအရ သူ့ကိုခေါ်ယူဖို့ ပေါင် သန်း ၁၃၀ လောက်အထိကုန်ကျနိုင်တယ်လို့သိရပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ဒီအာဂျင်တီးနားလက်ရွေးစင်ကို စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့အတွက် အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။


အာဆင်နယ်အသင်းဟာ တောင်ပံမှာကစားနိုင်သလို ဗစ်တာ ဂယော့ကရက်စ် (Viktor Gyokeres) နဲ့ကာအိုင် ဟာဗက်ဇ်တို့အတွက်ပြိုင်ဆိုင်မှုပေးနိုင်မယ့် ကစားသမားမျိုးကိုလိုချင်နေတာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် ခရူပီကတော့ အီမိရိတ်မှာ အဲဒီနေရာအတွက်စဉ်းစားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။


ခရူပီဟာ တစ်နှစ်အကြာက ပေါင် ၁၂ သန်းနဲ့ ဘုန်းမောက်ဆီရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၄-၂၅ရာသီကို ပြင်သစ်ကလပ် လော်ရီယန်မှာကစားခဲ့ပြီးမှ ဗီတာလတီစတေဒီယမ်ကို ရောက်ရှိလာတာပါ။ အင်္ဂလန်ထိပ်တန်းလိဂ်မှာ တစ်ရာသီပဲ ကစားရသေးပေမယ့် ဘုန်းမောက်အသင်းက သူ့တန်ဖိုးကို ပေါင် သန်း ၈၀ လောက်အထိသတ်မှတ်ထားတယ်လို့ သိရပါတယ်။ခရူပီကို ချယ်လ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း စောင့်ကြည့်နေသလို မန်ချက်စတာယူနိုက်တက်ကလည်း စိတ်ဝင်စားနေပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ ပီအက်စ်ဂျီကြယ်ပွင့် ခဗစ်ချာ ကဗာရတ်ရှ်ခေးလီယာ (Khvicha Kvaratskhelia) ကိုလည်းအလွန်သဘောကျနေပြီး 'အိပ်မက်ဆန်တဲ့' ခေါ်ယူမှုတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ပြင်သစ်ချန်ပီယံအသင်းကတော့ ဒီတောင်ပံကစားသမားအတွက် ကမ်းလှမ်းမှုတွေကို စဉ်းစားမှာမဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။


အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့မူဝါဒဟာ အမြဲတမ်းငွေကြေးအများကြီးသုံးစွဲတာမျိုးမဟုတ်ဘဲ "အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျဖြစ်မယ့်" ကစားသမားတွေကိုသာ အဓိကထားခေါ်ယူလေ့ရှိတာကိုတွေ့ရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page