အက်စတွန်ဗီလာအသင်း ယူရိုပါလိဂ်ချန်ပီယံဖြစ်ပြီး နှစ်၃၀အကြာ ဆုဖလားလက်မဲ့ဖြစ်မှုကိုအဆုံးသတ်နိုင်ခဲ့
- BVJ

- 14 hours ago
- 1 min read
BVJ_မေ ၂၂၊ ၂၀၂၆

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာကျင်းပတဲ့ UEFAယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာအသင်းက ဂျာမန်ကလပ်ဖရိုင်းဘတ်အသင်းကိုအနိုင်ယူပြီး ၄၄ နှစ်အတွင်း ပထမဆုံး ဥရောပဖလားရရှိခဲ့ပါတယ်။ဒီဆုဖလားဟာ အက်စတွန်ဗီလာအသင်းအတွက် ပထမဆုံး ယူရိုပါလိဂ်ချန်ပီယံဆုဖြစ်သလို နှစ်ပေါင်း ၃၀ အတွင်းမှာရရှိခဲ့တဲ့ ပထမဆုံးဆုဖလားလည်းဖြစ်ပါတယ်။
အက်စတွန်ဗီလာအတွက် အနိုင်ဂိုးတွေ တီးလ်မန်း ၄၁မိနစ် ၊ ဘူအန်ဒီယာ ၄၅မိနစ်၊ ရော်ဂျာ ၅၈မိနစ်တို့က အသီးသီးသွင်းယူပေးခဲ့ကြပါတယ်။အမ်မရီဟာ ယူရိုပါလိဂ်ပြိုင်ပွဲ "Specialist" (ကျွမ်းကျင်သူ)လို့တင်စားရလောက်အောင် အောင်မြင်သူဖြစ်ပြီး ကလပ်အသင်း(၃)သင်းနဲ့ ယူရိုပါလိဂ်ဖလားကို (၅) ကြိမ်တိုင်တိုင်ဆွတ်ခူးနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။
စပိန်ကလပ် ဆီဗီလာ (Sevilla)နဲ့ ၂၀၁၄၊ ၂၀၁၅နဲ့၂၀၁၆ ခုနှစ်တွေမှာ သုံးနှစ်ဆက်တိုက်၊ စပိန်ကလပ် ဗီလာရီးယဲလ် (Villarreal)နဲ့ ၂၀၂၁ ခုနှစ်၊ အက်စတွန်ဗီလာ (Aston Villa)နဲ့ ၂၀၂၆ အခုနှစ်မှာ (၅)ကြိမ်မြောက်ဖလားကိုရရှိခဲ့ပါတယ်။

စပိန်နည်းပြ အမ်မရီဟာ အီတလီနည်းပြ ကာလို အီအန်ဆယ်လော့တီပြီးရင် ဥရောပပြိုင်ပွဲကြီး (Major European Competition) တစ်ခုမှာ(၅)ကြိမ်မြောက် အောင်ပွဲခံနိုင်တဲ့ ဒုတိယမြောက်နည်းပြဖြစ်လာပါတယ်။
ကာလို အန်ဆယ်လော့တီက ဥရောပရဲ့အထင်ကရအမြင့်ဆုံးပြိုင်ပွဲ UEFA Champions League ဖလားကို(၅)ကြိမ် (အေစီမီလန်နဲ့ နှစ်ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ သုံးကြိမ်) ဆွတ်ခူးထားသူဖြစ်ပါတယ်။
၂၀၂၂၊နိုဝင်ဘာလက အက်စတွန်ဗိလာအသင်း တန်းဆင်းဇုန်ထက် ၃ မှတ်သာ အသာရရှိထားချိန်မှာ အမ်မရီ စတီဗင်ဂျရတ်နေရာအစားထိုးဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး အမ်မရီကအသင်းကို အဆင့် ၅ အတွင်းဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့အသင်းဖြစ်လာစေဖို့ အသွင်ပြောင်းလဲပေးနိုင်ခဲ့ပြီး အခုအခါ ဥရောပချန်ပီယံအသင်းတစ်သင်းအဖြစ်ပါ ပုံဖော်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။




Comments