top of page

ထီးခီးတပ်စခန်းသိမ်းယူမှုနဲ့ပတ်သက်ပြီး ထိုင်းပြည်သူတွေထံ KNU အသိပေးချက်ထုတ်ပြန်

  • Writer: BVJ
    BVJ
  • 4 days ago
  • 1 min read

BVJ/ထက်အောင် _ မေ ၁၀ ၊ ၂၀၂၅


တနင်္သာရီတိုင်း ထားဝယ်မြို့ ထီးခီးဒေသက စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူမှုအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (Photo: KNU)
တနင်္သာရီတိုင်း ထားဝယ်မြို့ ထီးခီးဒေသက စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူမှုအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (Photo: KNU)

 ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီ ထီးခီးတပ်စခန်းကို သိမ်းယူခဲ့မှုအခြေအနေနဲ့ပတ်သက်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအာမခံချက်ရှိစေဖို့အတွက် သိမ်းယူခဲ့ရတာဖြစ်တယ်လို့ KNU က ဒီနေ့ မေလ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

စစ်ကောင်စီက ရုရှားအစိုးရရဲ့အကူအညီနဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံကို ထားဝယ်မြို့နယ် အထူးစီးပွားရေးဇုန်နေရာနဲ့ ပဲခူးတိုင်း အလယ်ပိုင်းတို့မှာ တည်ဆောက်ဖို့ပြင်ဆင်နေတာကြောင့် ထိုင်းနယ်စပ်နဲ့ မြန်မာနယ်စပ်မှာရှိတဲ့ နှစ်နိုင်ငံပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အန္တရာယ်ကင်းရှင်းစေနိုင်ဖို့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ထီးခီးတပ်စခန်းကို မဖြစ်မနေ သိမ်းယူခဲ့ရတာဖြစ်တယ်လို့ KNU က ဖော်ပြထားပါတယ်။

 

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးဒေသမှာရှိတဲ့ စစ်ကောင်စီ ထီးခီးတပ်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်မှာ အခြေချတပ်စွဲထားတာဖြစ်ပြီး ထိုင်းနိုင်ငံထဲ လေးပုံသုံးပုံအထိ အထိုင်ချတပ်စွဲထားတာဖြစ်တယ်လို့လည်း ထီးခီးစခန်းသိမ်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ Force for Federal Democracy – FFD ကလည်း Burma VJ ကို ပြောပါတယ်။ 

 

“ထီးခီးစခန်းရဲ့ လေးပုံသုံးပုံလောက်က ထိုင်းနိုင်ငံထဲမှာ ရှိနေတယ်။ ထိုင်းနိုင်ငံထဲကို ဝင်နေတဲ့အနေအထားမှာ ရှိနေတယ်။ ထိုင်းနဲ့ နယ်စပ်စည်းမျဉ်းပေါ်မှာပဲလည်း ရှိနေတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံရဲ့ဖိအားတချို့ ကျွန်တော်တို့မှာရှိပါတယ်။ အခု ကျသွားတဲ့ ထီးစခန်းအတွက် ထိုင်းနိုင်ငံက (စစ်ကောင်စီဘက်ကို) အကူအညီပေးခဲ့တာတွေရှိတယ်။ မီးစက်တွေ တင်ပေးတာရှိတယ်။ ဆီတွေ တင်ပေးတာရှိတယ်။ ထွက်ပြေးသွားတဲ့ ရန်သူ့စစ်သားတွေကို ပြန်မောင်းတင်တာမျိုးတွေရှိတယ်” လို့ FFD ကိုအောင်အောင်က Burma VJ ကို ပြောပါတယ်။


 

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုအခြေအနေတွေကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်နေ ပြည်သူတွေရဲ့ ထိခိုက်နိုင်ချေနဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကို အလေးအနက်သုံးသပ်ခဲ့ပြီး ထိခိုက်နိုင်ချေတွေကို လျှော့ချနိုင်မယ့်နည်းလမ်းတွေကို စီမံဆောင်ရွက်ခဲ့တယ်လို့လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်မှာရှိတဲ့ ထီးခီးစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူခဲ့တာနဲ့ပတ်သက်ပြီး ထိုင်းပြည်သူတွေကို ရည်ညွှန်းကာ KNU အသိပေးချက်ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး KNU သတင်းပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

KNU အနေနဲ့ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းကောင်းပီသစွာနေထိုင်ဖို့ အဆင်သင့်ရှိကြောင်းနဲ့ အရင်ကလည်း ထိုင်းပြည်သူတွေနဲ့အတူ လေးစားမှု၊ ခင်မင်းရင်းနှီးမှုတွေနဲ့အတူ ဆက်ဆံရေးရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ထာဝရငြိမ်းချမ်းပြီး အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးထားရှိကြောင်းနဲ့ ထီးခီးစခန်းကို KNLA သိမ်းယူခဲ့မှုနဲ့ပတ်သက်ပြီး ထိုင်းပြည်သူတွေအနေနဲ့ နားလည်မှုရှိမယ်လို့ မျှော်လင့်တယ်လို့လည်း KNU က ပြောကြားထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page