ဘုံတိုရွာလေကြောင်းတိုက်ခိုက်မှုအတွင်း ပြင်းထန်ဒဏ်ရာရသူတွေထဲက သပိတ်ရဲဘော်တစ်ဦးကျဆုံး
- BVJ

- 13 minutes ago
- 1 min read
မိုနာ/BVJ_အောက်တိုဘာ ၂၃၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် သီတင်းကျွတ်ညဆီမီးထွန်းပွဲမှာ စစ်ကောင်စီလေကြောင်းဗုံးကြဲခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့သူတွေထဲက တစ်ဦးထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။
အခုကျဆုံးသွားသူဟာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မုံရွာတောင်နယ်၊ A3Y လူငယ် အပတ်စဉ် ရွေ့လျားစာကြည့်တိုက်အဖွဲ့ဝင် ရဲဘော်ကိုမြင့်မြတ်မျိုးဖြစ်ပြီး ဗုံးကြဲခံရမှုအတွင်းရရှိခဲ့တဲ့ ပြင်းထန်ဒဏ်ရာအတွက်ဆေးရုံမှာဆေးကုသနေရင်း အောက်တိုဘာ ၂၁ရက်မှာ ကျဆုံးသွားတာဖြစ်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက မနေ့က အမိန့်ပြန်တမ်းထုတ်ထားပါတယ်။
“ရဲဘော်သည် နွေဦးတော်လှန်ရေးတွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မုံရွာတောင်နယ်၊ A3Y လူငယ်အပတ်စဉ် ရွေ့လျားစာကြည့်တိုက်တွင်တာဝန်ယူလျက် ပြည်သူလူထုအကျိုးအတွက် အကြမ်းမဖက်လူထုလှုပ်ရှားမှုများကိုဆောင်ရွက်ခဲ့သော ရဲဘော်အဖြစ်လည်းကောင်း၊ နွေဦးတော်လှန်ရေးတွင်ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ရဲဘော်အဖြစ်လည်းကောင်း ကျွန်ုပ်တို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက နွေဦးတော်လှန်ရေးသူရဲကောင်းအဖြစ် ဂုဏ်ယူစွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်”လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောထားပါတယ်။
ကျဆုံးသွားတဲ့ ကိုမြင့်မြတ်မျိုးဟာ အသက် (၁၇)နှစ်သာရှိသေးပြီး A3Y လူငယ်အပတ်စဉ်ရွေ့လျားစာကြည့်တိုက်ရဲ့ စာအုပ်ထိန်းသိမ်းရေးတာဝန်ခံတစ်ဦးဖြစ်တယ်လို့ ချောင်းဦးဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
အခု အောက်တိုဘာလ ၆ ရက်နေ့သီတင်းကျွတ်လပြည့်နေညမှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာပြုလုပ်နေတဲ့ ဆီမီးသပိတ်ကို စစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၂၃ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၆၂ဦးရှိခဲ့တယ်လို့ အောက်တိုဘာ ၁၇ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သပိတ်အင်အားစုတာဝန်ရှိသူတွေက ပြောထားပါတယ်။
ဗုံးကြဲခံရမှုကြောင့် သေဆုံးသူတွေထဲမှာ ဒေသတွင်းသပိတ်ဦးဆောင်ကော်မတီက လူငယ်တွေလည်းပါဝင်ခဲ့ပါတယ်။







Comments