သာယာဝတီထောင်မှာ ညီမကိုပါဆယ်သွားပို့ရင်း အမဖြစ်သူပါအဖမ်းခံရ
- BVJ

- Oct 24, 2025
- 1 min read
အေတီ/BVJ_အောက်တိုဘာ ၂၄၊ ၂၀၂၅

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာထောင်ကျနေတဲ့ ညီမဖြစ်သူ မမိုမိုကိုအတွက်ထောင်ဝင်စာပါဆယ်သွားပို့ရင်း အမဖြစ်သူမဝေဝေသန့်လမ်းမှာအဖမ်းခံရပြီး ၅၀ညပုဒ်မနဲ့တရားစွဲခံထားရတယ်လို့ မဝေဝေသန့်မိသားစုနဲ့ နီးစပ်သူတစ်ဦးက Burma VJ ကိုအတည်ပြုပါတယ်။
“အောက်တိုဘာ၂၁ရက်နေ့က သာယာဝတီစစ်ဆေးရေးဂိတ်မှာမှတ်ပုံတင်စစ်တဲ့အချိန် မဝေဝေသန့်အဖမ်းခံရတာပါ။သူ့ညီမအတွက်ပါဆယ်သွားပို့တာ သာယာဝတီထောင်အထိတောင် မရောက်လိုက်ဘူး။အခုမြောက်ဥက္ကလာရဲစခန်းမှာ ၅၀ညပုဒ်မနဲ့သူ့ကိုတရားစွဲထားတယ်”လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
အသက်၂၈နှစ် မဝေဝေသန့်နဲ့ ညီမဖြစ်သူမမိုမိုကိုတို့ဟာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် ခွာညို(၅)လမ်းမှာနေထိုင်နေတဲ့သူတွေဖြစ်ပါတယ်။ မဝေဝေသန့်ရဲ့ညီမမမိုမိုကိုဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့စစ်ခုံရုံးက ပုဒ်မ ၅၀(ည)နဲ့ “ထောင်ဒဏ် တစ်သက်”ချမှတ်ခံခဲ့ရပါတယ်။
ညီမဖြစ်သူဆီ ထောင်ဝင်စာပါဆယ်သွားပို့တဲ့ မဝေဝေသန့်ကိုဘာကြောင့်ဖမ်းဆီးခဲ့လဲဆိုတာ အခုထိအတိအကျမသိရသေးပေမယ့် အာဏာသိမ်းစစ်အုပ်စုကအသုံးပြုနေတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည)ဟာ အနည်းဆုံးထောင်ဒဏ် ၁၀နှစ်အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ၂၀၂၅ခုနှစ် အောက်တိုဘာ ၂၃ရက်ထုတ်ပြန်ချက်အရ ၂၀၂၁ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံရေးအကျဥ်းသား ၂၉၈၅၉ဦးကို ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသား ၂၂၅၄၈ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါတယ်။




Comments