top of page

တရုတ်မင်းသားလူကုန်ကူးခံရပြီးနောက် ထိုင်းအလည်အပတ်ခရီးစဉ်ကို တရုတ်နိုင်ငံသားအများစု ဖျက်သိမ်း

  • Writer: BVJ
    BVJ
  • Jan 10
  • 1 min read

BVJ/Moore _ ဇန်နဝါရီ ၁၀ ၊ ၂၀၂၅


ree

ထိုင်းနိုင်ငံကို အားလပ်ရက် အပန်းဖြေသွားမယ့် ခရီးစဉ်‌တွေကို တရုတ်နိုင်ငံသားအများစုက ဖျက်သိမ်းနေကြပါတယ်။ တချို့တွေက ထိုင်းနိုင်ငံကို အားလပ်ရက်ခရီးသွားရင် လုံခြုံစိတ်ချရပါ့မလား၊ အားလပ်ရက်ခရီးအတွက် ခရီးသွားအေးဂျင့်နဲ့ စီစဉ်ထားတာကို ဘယ်လိုပြန်ပြီးဖျက်ရမလဲဆိုတာကို မေးမြန်းနေကြပါတယ်။


ဒါကတော့ ဒီတစ်ပတ်အတွင်း တရုတ်လူမှုကွန်ရက်တွေမှာ ရေးသားမှုအများဆုံးနဲ့ အမေး အများဆုံးအကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တရုတ်မင်းသား ဝမ်ရှင်း ထိုင်းနိုင်ငံကို အလုပ်ကိစ္စနဲ့သွားရောက်ချိန်မှာ ရုတ်တရက်ပျောက်ဆုံးသွားမှုဟာ တရုတ်နိုင်ငံသားတွေအကြား စိုးရိမ်မှုမြင့်တက်စေခဲ့ပါတယ်။ ဒီဖြစ်ရပ်မတိုင်မီ အစောပိုင်းရက်တွေက လာမယ့် တရုတ်နှစ်သစ်ကူးကာလမှာ ထိုင်းနိုင်ငံကို အလည်အပတ်သွားကြဖို့ စီစဉ်ထားကြတာလည်း ရှိနေပါတယ်။


ree

ထိုင်း-မြန်မာနယ်စပ်အနီးမှာ ပျောက်ဆုံးသွားတဲ့ ဝမ်ရှင်းကို ပြန်လည်ရှာတွေ့နိုင်ဖို့အတွက် ထိုင်းအာဏာပိုင်တွေက အပူတပြင်း အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီးနောက် ပျောက်ဆုံးပြီး ငါးရက်အကြာမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဇန်နဝါရီ ၇) မှာ ဝမ်ရှင်းကို မြန်မာဘက်ခြမ်းမှာ ပြန်လည်တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ မြဝတီမြို့နယ်အနီး အွန်လိုင်းလောင်းကစားလုပ်ငန်း (ကျားဖြန့်) လုပ်ငန်းထဲ ရောက်ရှိသွားတဲ့ ဝမ်ရှင်းနဲ့ နောက်ထပ်တရုတ်လူမျိုး အယောက်(၅၀)ကို ထိုင်းအာဏာပိုင်တွေက ကရင်ပြည်နယ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြန်လည်ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရတာပါ။


ဒီဖြစ်ရပ်ကြောင့် တရုတ်လူမျိုးအများစုဟာ သူတို့ရဲ့ တရုတ်နှစ်သစ်ကူး အားလပ်ရက်မှာ အရှေ့တောင်အာရှနိုင်ငံတွေကို အလည်အပတ်ခရီးထွက်ဖို့ တုံ့နှေးစေခဲ့ပြီး ခရီးစဉ်ဖျက်သိမ်းမှုတွေလည်း ရှိလာခဲ့ပါတယ်။ တရုတ်လူမှုကွန်ရက်တွေမှာ “ထိုင်းနိုင်ငံ ခရီးစဉ်အတွက် ဘယ်လိုပြန်ပြီးဖျက်သိမ်းလို့ရမလဲ” ဆိုတဲ့မေးခွန်းဟာ ဒီနေ့ ကြာသပတေးနေ့အထိ မေးခွန်းပေါင်း ၃၈၀၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။


ရှင်ကျန်းစီရင်စုမှာ နေထိုင်တဲ့ ရွှန်းနာလီကတော့ သူနဲ့ သူ့သူငယ်ချင်း မိန်းကလေးအဖော် သုံးယောက်တို့ ထိုင်းနိုင်ငံကို ဇန်နဝါရီလကုန်ပိုင်းမှာသွားဖို့ ခရီးစဉ် ပြင်ဆင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဝမ်ရှင်းရဲ့ဖြစ်ရပ်ကြောင့် သူတို့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြပါတယ်။


ree

“ကျွန်မတို့ မသွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဓိကက လုံခြုံရေးကြောင့်ပေါ့။ ပုံမှန်ဆို ကျွန်မတို့ ၄ ယောက် အမြဲခရီးအတူသွားနေကြပဲ၊ ထိုင်းနိုင်ငံကိုလည်း တစ်ခါမှ မရောက်ဖူးသေးတော့ သွားဖို့ စီစဉ်ခဲ့ကြတာ။ အတော်များများကလည်း ပြောကြတယ်၊ ကုန်ကျစရိတ်နည်းနည်းနဲ့ ပျော်ရွှင်စရာတွေ များတယ်ဆိုတာ။ ဒါပေမဲ့ အခုတော့ စိတ်မချရတဲ့အခြေအနေတွေကြောင့် မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်”လို့ ရွှန်းနာလီက ပြောပါတယ်။


ဝမ်ရှင်းဖြစ်ရပ်ကြောင့် ရှန်ဟိုင်းက ခရီးသွားအေဂျင်စီတွေမှာလည်း ထိုင်းနိုင်ငံကို ခရီးသွားဖို့ Booking ကြိုယူထားတာတွေ လျော့ကျသွားတာတွေ ရှိနေပါတယ်။ ရှန်ဟိုင်းက ခရီးသွားအေးဂျင်စီတစ်ခုဖြစ်တဲ့ Ctrip မန်နေဂျာကလည်း “ဒီဖြစ်ရပ်က လက်ရှိအချိန်မှာ ခရီးသွားလုပ်ငန်းအပေါ် ယုံကြည်မှုကို သေချာပေါက် ထိခိုက်စေနိုင်ပါတယ်။ အခုလောလောဆယ်တော့ လူ ၁၂ ယောက်ပါမယ့် ခရီးသွားအဖွဲ့တစ်ခုကတော့ ထိုင်းကိုသွားဖို့ ရှိနေပါတယ်”လို့ ပြောပါတယ်။


တရုတ်မင်းသား ဝမ်ရှင်း ထိုင်းနိုင်ငံတွင်း လာရောက်ချိန် ပျောက်ဆုံးမှုဟာ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် ပုံရိပ်ဆိုးတစ်ခုဖြစ်ခဲ့ပြီး ထိုင်းအစိုးရနဲ့ အာဏာပိုင်တွေကလည်း ဒီအခြေအနေကို အရေးတကြီး ကိုင်တွယ်နေကြပါတယ်။


ဝမ်ရှင်းဖြစ်ရပ်နောက်ပိုင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကလည်း ထိုင်းခရီးသွားလုပ်ငန်းရဲ့ ပုံရိပ်ကို ပြန်လည်မြှင့်တင်နိုင်ဖို့အတွက် ထိုင်းနိုင်ငံတွင်း ခရီးသွားလာမှုဟာ လုံခြုံစိတ်ချရကြောင်းကို တရုတ်လူမျိုးတွေအကြား ပြန်လည်သတင်းစကားပါးဖို့ တရုတ်အစိုးရနဲ့ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။


ree

ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေထဲမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ၆ ဒသမ ၇၃ သန်းအထိ ဝင်ရောက်ခဲ့တယ်လို့ ထိုင်းခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ကြောင့် တရုတ်ခရီးသည် ဝင်ရောက်မှု ၁၀ ရာခိုင်နှုန်းက ၂၀ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်တယ်လို့လည်း ထိုင်းခရီးသွားအေဂျင်စီတွေကလည်း ပြောပါတယ်။


လူကုန်ကူးခံရပြီး ကျားဖြန့်လုပ်ငန်းထဲ လေးရက်ကြာ ရောက်ရှိသွားခဲ့ပြီး ထိုင်းအာဏာပိုင်တွေက ပြန်လည်ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ ဝမ်ရှင်းကတော့ “ထိုင်းနိုင်ငံက လုံခြုံစိတ်ချရပါတယ်၊ ကျွန်တော် နောက်တခေါက် ပြန်လာပါဦးမယ်”လို့ အင်္ဂလိပ်၊ တရုတ် နှစ်ဘာသာနဲ့ ပြောခဲ့ပါတယ်။

ဒီစကားကို ပြောနေချိန်မှာတော့ သူ့နားမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက အတူရှိနေခဲ့တာပါ။


Ref: Bangkok Post, South China Morning Post

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page