မြန်မာEAOsတွေနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပထမဆုံးအကြိမ်တံခါးပိတ်ဆွေးနွေး
- BVJ

- Jul 14
- 1 min read
အေတီ/BVJ_ဇူလိုင် ၁၃၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Theresa Lazaro(လာဇာရို)ဟာ ဒီနေ့တနင်္လာနေ့က ထိုင်းနိုင်ငံ၊ပတ္တရားမြို့မှာ မြန်မာနိုင်ငံတွင်းကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs)အချို့နဲ့ တံခါးပိတ်ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs)အချို့နဲ့တွေ့ဆုံရာမှာ လာဇာရိုနဲ့အတူထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာစပ်လည်းပါဝင်ပါတယ်။
"ဒီအစည်းအဝေးက အလွန်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံ အထူးကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရတာဖြစ်လို့ပါပဲ"လို့ Lazaroက Bilyonaryo News Channel ကိုပြောကြားခဲ့ပါတယ်။
"ကျွန်မနဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာစပ်တို့ဟာ ဒီEAOsတွေနဲ့ပွင့်လင်းရိုးသားစွာဆွေးနွေးနိုင်ခဲ့တဲ့အတွက် ဒီအစည်းအဝေးဟာအပြုသဘောဆောင်တဲ့ အစည်းအဝေးတစ်ခုဖြစ်ခဲ့ပါတယ်"လို့ လာဇာရိုကထပ်လောင်းပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံအရှေ့ပိုင်း ပတ္တရားမြို့မှာပြုလုပ်ခဲ့တဲ့ ဒီလျှို့ဝှက်အစည်းအဝေးဟာ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အာဆီယံအဖွဲ့ကြားဝင်ဆောင်ရွက်ပေးသူတို့အကြား ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်းဖြစ်ပါတယ်။
တနင်္ဂနွေနေ့ကလည်း အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုဦးဆောင်ပြီး ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မြန်မာစစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြုလုပ်ခဲ့ပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာအာဏာသိမ်းစစ်အုပ်စုလုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်ဟန့်တားရပ်တန့်မှုတွေမလုပ်ဆောင်နိုင်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
ပုံစာ-တနင်္ဂနွေနေ့က ဘန်ကောက်မှာပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာစစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးတို့အလွတ်သဘောတွေ့ဆုံပြီးနောက်ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာယိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆပ်တို့ကိုတွေ့ရစဥ်



Comments