တရုတ်က လေယာဉ် ရှစ်စင်း စစ်ကောင်စီ ထပ်ရရှိထား
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၄ ၊ ၂၀၂၄

အပြစ်မဲ့ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ပစ်မှတ်ထားအကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီဟာ တရုတ်ကုမ္ပဏီ Aviation Industry Corporation of China (AVIC) ဆီကနေ လေယာဉ် (၈)စင်း ထပ်မံလက်ခံရရှိထားတာကို တွေ့ရတယ်လို့ Justice For Myanmar (JFM) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ AVIC ဟာ ဥရောပလေကြောင်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Airbus ရဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က စစ်ကောင်စီလေတပ် နှစ်ပတ်လည့်နေ့အခမ်းအနားမှာ တပ်တော်ဝင်လေယာဉ် Hongdu K-8 အမျိုးအစား အပေါ့စား တိုက်ခိုက်ရေးလေယာဉ် (၁)စီး၊ FTC 2000G အမျိုးအစား တိုက်ခိုက်လေယာဉ် (၆)စင်းနဲ့ Shaanxi Y-8 စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ် (၁)စင်းတို့ကိုလည်း စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဲ့ဒီလေယာဉ်အမျိုးအစားတွေနဲ့ပတ်သက်ပြီး JFM က လေ့လာဆန်းစစ်မှုလုပ်ဆောင်ခဲ့ရာ တရုတ်ကုမ္ပဏီ AVIC က ရောင်းချထောက်ပံ့ထားတဲ့ လေယာဉ်အမျိုးအစားတွေဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိခဲ့တာပါ။
တရုတ်ကုမ္ပဏီ AVIC ကနေ စစ်ကောင်စီထံ စစ်ဘက်ကုန်ပစ္စည်းတွေ ပေးပို့ခဲ့မှုအပေါ် AVICကုမ္ပဏီရဲ့ မိတ်ဖက်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ကိုလည်း JFM က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
လူသားမျိုးနွယ်ပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီထံ Airbus ရဲ့ မိတ်ဖက်ကုမ္ပဏီ AVIC က စစ်ဘက်ဆိုင်ရာ လက်နက်တွေနဲ့ စစ်လေယာဉ်တွေ ရောင်းချနေမှုကြောင့် ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်း (၃၀၀) ကျော်က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုဆန္ဒပြမှုတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဆက်လက်ထောက်ပံ့မှုတွေ လုပ်ဆောင်နေတဲ့ AVIC ကုမ္ပဏီဘက်ကနေ Airbus ကုမ္ပဏီက ရပ်တည်ကာကွယ်ခဲ့ပြီး AVIC ကို “တရုတ်နိုင်ငံပိုင် အရပ်ဘက်လေကြောင်းလုပ်ငန်း၊ လေယာဉ် တည်ဆောက်ရေးလုပ်ငန်းနှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများအုပ်စု” လို့ Airbus က သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
AVIC မှာ ရင်းနှီးမြှုပ်နှံမှုရှယ်ယာ ၅ ရာခိုင်နှုန်း ပါဝင်ထားတဲ့ Airbus ကုမ္ပဏီက သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှု၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေဟာ အရပ်ဘက်လေကြောင်းလုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေအတွက်သာ အလုံးစုံ ဦးတည်ထားတာဖြစ်တယ်လို့ ပြောဆိုထားပေမဲ့ တရုတ်နိုင်ငံပိုင် AVIC ကုမ္ပဏီရဲ့ စစ်ဘက်-အရပ်ဘက် ပေါင်းစပ်ခြင်းမူဝါဒတွေရှိနေတာကိုလည်း လျစ်လျူရှု မျက်ကွယ်ပြုထားမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
AVIC ရဲ့ စစ်ကောင်စီနဲ့ပတ်သက် ဆက်နွယ်မှုတွေကြောင့် နော်ဝေ အချုပ်အခြာပင်စင်ရံပုံငွေအဖွဲ့၊ ထင်ရှားတဲ့ ဒက်ရှ်ရင်းနှီးမြှုပ်နှံသူတွေ၊ ပင်စင်ရံပုံငွေများအပါအဝင် အခြားသော အဖွဲ့အစည်း ရင်းနှီးမြှုပ်နှံသူတွေကလည်း AVIC ကုမ္ပဏီနဲ့ လက်တွဲလုပ်ဆောင်နေမှုတွေကို ရုပ်သိမ်းခဲ့ပါတယ်။
လူသားမျိုးနွယ်ပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီအပေါ် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်နေချိန် Airbus အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို လိုက်နာဖို့လိုအပ်ပြီး မိတ်ဖက်ကုမ္ပဏီ AVIC နဲ့ AVIC ကုမ္ပဏီခွဲတွေကို စစ်ကောင်စီထံ စစ်ဘက်ဆိုင်ရာလက်နက်တွေ ရောင်းချနေမှု၊ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေ ရပ်တန့်ဖို့ Airbus အနေနဲ့ တားမြစ်လုပ်ဆောင်သင့်တယ်လို့ JFM ကလည်း တောင်းဆိုထားပါတယ်။




Comments