တပ်တွင်းအပြင် တပ်ပြင်စည်းရုံးရေးပါတိုးမြှင့်လုပ်ဖို့ အမျိုးသမီးဗိုလ်လောင်းတွေကို စစ်ခေါင်းဆောင်မှာနေ
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/မိုနာ_ ဒီဇင်ဘာ ၂၄၊ ၂၀၂၄

တပ်တွင်းစည်းရုံးရေးအပြင် တပ်ပြင်စည်းရုံးရေးတွေကိုပါ တိုးမြှင့်လုပ်ဆောင်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မှူးကြီးမင်အောင်လှိုင်က အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်း တပ်ဖွဲ့ဝင်တွေကို အထူးမှာကြားလိုက်ပါတယ်။
မနေ့က ဒီဇင်ဘာ ၂၃ရက် ရန်ကုန်မြို့ မှော်ဘီဗိုလ်သင်တန်းကျောင်းမှာ ကျင်းပတဲ့ အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်း အခမ်းအနားကို စစ်ခေါင်းဆောင်တက်ရောက်ပြီး ပြောခဲ့တာပါ။
တပ်တွင်းစည်းလုံးညီညွတ်မှုရှိပါက ဘယ်သူကမှ တပ်မတော်ကိုဖြိုခွဲလို့ရမှာမဟုတ်တာကြောင့် တပ်တွင်စည်းလုံးရေးကိုခိုင်မာအောင် တည်ဆောက်ရမှာဖြစ်သလို တဖက်မှာလည်း လက်တွေ့ဆန်တဲ့တပ်ပြင်စည်းရုံးရေးကို တိုးမြှင့်ဆောင်ရွက်ကြဖို့ လိုတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်တာ၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်တွေဟာ လက်တွေ့ပါတဲ့တပ်ပြင်စည်းရုံးရေးတွေဖြစ်တာကြောင့် တပ်မတော်သားအမျိုးသမီး အရာရှိတွေအားလုံးက အလေးထားဆောင်ရွက်ကြဖို့ မှာနေတာပါ။
တပ်တွင်း၊တင်ပြင်စည်းရုံးရေးလုပ်ငန်းတွေကို ကျစ်လစ်ခိုင်မာအောင် ရေပက်မဝင်တဲ့စည်းရုံးရေးဖြစ်အောင် ဆောင်ရွက်သွားဖို့ စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းထဲမှာ တောက်လျောက်ပြောသွားတာပါ။




Comments