တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိပြုသွားလာကြဖို့ မြိတ်ခရိုင် တော်လှန်ရေးတပ်ဖွဲ့ ပြော
- BVJ

- Feb 15, 2025
- 1 min read
BVJ/ဇော် _ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ အနီးဝန်းကျင်မှာ မနေကြဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း - ၁ က မနေ့ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
တနင်္သာရီမြို့နယ်အတွင်း ညောင်ပင်ကွင်းကျေးရွာ၊ ထုံမခါကျေးရွာ၊ ထုံတော်ကျေးရွာ၊ သိမ်ခွန်းကျေးရွာ၊ ခြောက်မိုင်ကျေးရွာ၊ ကွင်းသစ်ကျေးရွာ၊ ဗောဓိကမ်းကျေးရွာတို့အပြင် ပုလောမြို့နယ် ငါးမိုင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ တို့ တိုက်ပွဲ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက တနင်္သာရီမြို့နယ် ဒေသတွင်းကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားမှုနေ့စဉ်ရက်ဆက် ရှိနေပြီး စစ်ကောင်စီက အင်အားလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေရှိနေသလို ကျေးရွာနေပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတာတွေလည်း ရှိနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေပေးကြဖို့ကို သတိပေး ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
မြိတ်ခရိုင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း ရြဘော်အချို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့ကိုလည်း အသိပေးထားတာလည်း ဖြစ်ပါတယ်။




Comments