တနင်္သာရီ၊ ညောင်ပင်ကွင်းရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တွေမီးလောင်
- BVJ

- Feb 19, 2025
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၅

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ့နေအိမ်တွေ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၁ က ထုတ်ပြန်ထားပါတယ်။
ညောင်ပင်ကွင်းရွာ အရှေ့ဘက်ကမ်းကို မနေ့ ညနေပိုင်း ငါးနာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ နှစ်ကြိမ် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်တွေ အများအပြား မီးလောင်ပျက်စီးခဲ့ရတာပါ။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ မြိတ်ခရိုင် တပ်ရင်း ၂ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ညောင်ပင်ကွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေနဲ့ပတ်သက်ပြီး မြိတ်ခရိုင် တပ်ရင်း ၂ ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အခု ဖေဖော်ဝါရီလအတွင်း ညောင်ပင်ကွင်းရွာ၊ ထုံမခါရွာ၊ ထုံတော်ရွာ၊ သိမ်ခွန်းရွာ၊ ငါးမိုင်ရွာ၊ ခြောက်မိုင်ရွာ၊ ကွင်းသစ်ရွာနဲ့ ဗောဓိကမ်းရွာ နေရာအနှံ့မှာ စစ်ကောင်စီတပ်နဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းတို့ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ သွားလာကြဖို့ကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားပါသေးတယ်။
တနင်္သာရီမြို့အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုတွေရှိနေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေလည်းရှိနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။










Comments