တနိုင်းမြို့ ရွှေမှော်ဒေသကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့တယ်လို့ KIA ပြော
- BVJ

- Jan 13, 2025
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၁၂ ၊ ၂၀၂၅

ကချင်ပြည်နယ် တနိုင်းမြို့နယ် လပူခနဲ့ စန်လွန် ရွှေမှော်ဒေသတွေဘက်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၁၁ ရက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ဒေသဖြစ်တဲ့ တနိုင်းမြို့ ရွှေမှော်ဒေသတွေကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်းဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“တနိုင်းဘက်ကို စစ်ကောင်စီ ဗုံးကြဲတာ ပြည်သူ ၁၅ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရတယ်။ ရွှေမှော်တူးတဲ့နေရာဖြစ်တာမို့ နေအိမ်အဆောက်အအုံတွေတော့ သိပ်မရှိဘူး။ တိုက်ပွဲမရှိဘဲ ဗုံးလာကြဲသွားတာ”လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေမှော်ဒေသ အနီးဝန်းကျင်မှာရှိတဲ့ ဈေးဆိုင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကချင်ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု လပူခနဲ့ စန်လွန်ဒေသတွေအပြင် တနိုင်းမြို့နယ်အတွင်း ရွှေမှော်လုပ်ကိုင်သူတွေဟာ အလုပ်ရပ်ဆိုင်းထားကြပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်သိမ်းယူနေချိန် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ကလည်း မံစီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို KIA ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းယူထားနိုင်ခဲ့ပါတယ်။








Comments