top of page

တစ်လအတွင်း ရန်ကုန်နဲ့ မန္တလေးက လူ ၁၀၀၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးခဲ့

  • Writer: Zayar Oo
    Zayar Oo
  • Jan 5, 2025
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၄ ၊ ၂၀၂၅


ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာရှိတဲ့ အရပ်သားပြည်သူအများအပြားကို စစ်ကောင်စီ ဖမ်းဆီးခဲ့တာကြောင့် ဒီဇင်ဘာ တစ်လအတွင်း ဖမ်းဆီးခံရသူပေါင်း ၉၈၈ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရမှုများတွင် ရန်ကုန်တိုင်းက ၅၉၆ ဦးအထိရှိခဲ့ပြီး မန္တလေးတိုင်းက ၃၉၂ ဦးအထိရှိခဲ့တယ်လို့ Rangoon Scout Network (RSN) နဲ့ မန္တလေးသပိတ်အင်အားစုတို့က ထုတ်ပြန်ချက်အရ သိရပါတယ်။


ရန်ကုန်တိုင်းမှာရှိတဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီ အဓမ္မဖမ်းဆီးခဲ့တဲ့ဖြစ်စဉ် ၂၃၇ ခုအထိရှိခဲ့ပြီး စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်တွေထဲမှာ ၁၄၉ ခုကို အတည်ပြုနိုင်ခဲ့ပြီး ၈၈ ခုကို ဆက်လက်စုံစမ်းအတည်ပြုနေတယ်လို့လည်း သိရပါတယ်။ ကနဦးဖမ်းဆီးခံရသူ ၅၉၆ ဦးတွင် ၇၁ ဦးသာ ပြန်လွှတ်လာပြီး ၁၆၂ ဦးကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားပါတယ်။ ကျန်တဲ့ ၃၅၈ ဦးရဲ့ နောက်ဆက်တွဲ အခြေအနေကို သိရှိနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ RSN ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဖမ်းဆီးခံထားရသူတွေထဲက ၁၄၆ ဦးဟာ စစ်ကောင်စီ စစ်မှုထမ်းသင်တန်းကျောင်းတွေကို ပို့ဆောင်ခံခဲ့ရပြီး တော်လှန်ရေးလှုပ်ရှားမှုနဲ့ ဆက်စပ်နေတယ်လို့စွပ်စွဲကာ ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ စစ်ကောင်စီက ဖမ်းဆီးချိန် အသက်မပြည့်သေးတဲ့ လူငယ်တွေလည်းပါဝင်နေပြီး အချို့ကို လိမ်လည်ခေါ်ယူကာ စစ်ကောင်စီ စစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်တာမျိုးရှိတယ်လို့လည်း သိရပါတယ်။


RSN က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ လူဦးရေ ၅၀ နဲ့အထက်ဖမ်းဆီးခံရမှုအများဆုံးဟာ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်နဲ့ လှိုင်မြို့နယ်တို့ကဖြစ်ပြီး မြို့နယ် ၃၄ ခုအတွင်း ဧည့်စာရင်းစစ်ချိန် ဖမ်းဆီးခံရသူ ၁၇၄ ဦး၊ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးမှု ၃၅၇ ဦးရှိခဲ့ကာ ဖမ်းဆီးခံရမှုအတွင်း စစ်ကောင်စီလက်ထဲက ထွက်ပြေးလွတ်မြောက်ခဲ့သူ ၆ ဦးသာ ရှိခဲ့ပါတယ်။


ဒါ့အပြင် မန္တလေးတိုင်းအတွင်းမှာ ဒီဇင်ဘာ တစ်လအတွင်း အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်တွေမှာ လူငယ်လူရွယ် ၃၉၂ ဦးအထိ ဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေး သပိတ်အင်အားစု မနေ့က ဒီဇင်ဘာ ၃ ရက်မှာ ထုတ်ပြန်ထားတယ်။


စစ်ကောင်စီ စစ်မှုထမ်းအပတ်စဉ်တွေအတွက် သတ်မှတ်ထားတဲ့ လူအင်အား မပြည့်မီတာကြောင့် ရန်ကုန်နဲ့ မန္တလေးနဲ့ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး ညဘက်ကင်းလှည့် ဖမ်းဆီးတာမျိုးတွေရှိသလို ဧည့်စာရင်းစစ်အကြောင်းပြကာ ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page