တာလယ်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းတွေကို KNU ထုတ်ပြန်
- BVJ
- 6 hours ago
- 1 min read
စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၉ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူး ထွက်ပြေး
BVJ/ ဇော် - မေ ၁၅ ၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျို့မြို့အနီးမှာ ၃၉ နှစ်ကြာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီ တညာကျိုး (တာလယ်) ခြေကုပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်တွေ သိမ်းယူချိန် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲတယ်လို့ KNU က ဒီနေ့ မေလ ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
၁၉၈၆ ခုနှစ်ကတည်းက အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီ တာလယ်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်းတပ်တွေက မေလ ၉ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၅ ရက်အကြာ မေလ ၁၃ ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
တာလယ်စခန်းသိမ်းယူမှုအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းအမျိုးအစားတွေကို KNU က ထုတ်ပြန်ချက်မှာ မဖော်ပြထားပေမဲ့ ၁၂၀ မမ၊ ၈၁ မမ ကျည်ဆံတွေအပါအဝင် လက်နက် ၃၀ ကျော်၊ ၁၂၀ အသီး ၇၀ ကျော်အပါအဝင် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ KNLA တာဝန်ရှိသူတစ်ဦးက ပြောကြားချက်ကို Karen Inoformation Center က ဖော်ပြထားပါတယ်။
KNU တပ်မဟာ ၇ အုပ်ချုပ်ရေးနယ်မြေ ပိုင်ကျုံမြို့ ထဲက စစ်ကောင်စီ တာလယ်ဗျူဟာစခန်းမှာ အမှတ် ၂၄ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၃၁၁ အမြောက်တပ်တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ ဝန်းကျင်နဲ့ တပ်စွဲထားတာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီအမြောက်တပ်က ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ခလရ-၂၄ ဒုတပ်ရင်းမှူးအပါအဝင် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် KNLA/KNDO က လိုက်လံဖမ်းဆီးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီနေ့ မေလ ၁၅ ရက် မနက်ပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲ့မြို့နယ် မယ်လကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို KNLA/KNDO ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
Comments