တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းသွားမယ်လို့ TNLA ပြော
- BVJ

- Jan 13, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၂ ၊ ၂၀၂၅

မြန်မာနိုင်ငံမှာ စစ်ကောင်စီအုပ်ချုပ်မှု၊ စစ်အာဏာရှင်စနစ် ကင်းစင်ရေး ရည်မှန်းချက်ပန်းတိုင်ကို စီမံဆောင်ရွက်နေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းသွားမယ်လို့ တအာင်းတပ်မတော် (TNLA) က ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၂ ရက်ဟာ တအာင်းအမျိုးသားတော်လှန်ရေး ၆၂ နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ပြီး တအာင်းဒေသတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ စစ်အုပ်ချုပ်ရေးယန္တရားအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့တာဟာ တအာင်းဒေသတွင်း ပြည်သူအားလုံးရဲ့ တော်လှန်ရေးအောင်ပွဲတစ်ခုဖြစ်တယ်လို့လည်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော် (PSLF/TNLA) ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ကျွန်မတို့ရဲ့ တော်လှန်ရေးပန်းတိုင်ကတော့ မြန်မာပြည်တစ်ဝန်းမှာ စစ်ကောင်စီ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးဖြစ်ပါတယ်။ ဆိုတော့ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းဒေသက စစ်ကောင်စီ အုပ်ချုပ်မှုကနေ ကင်းစင်းသွားပြီဖြစ်ပေမဲ့လည်း ကျန်မြန်မာနိုင်ငံတစ်ဝန်းလုံးမှာတော့ စစ်ကောင်စီ အုပ်ချုပ်မှုက တည်ရှိနေသေးတယ်။ ဆိုတော့က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးက ကျွန်မတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့အလျောက် ကျွန်မတို့ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိတဲ့အထိကတော့ ကျွန်မတို့ စီမံဆောင်ရွက်မှာ ဖြစ်ပါတယ်” လို့ PSLF/TNLA သတင်းပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း Burma VJ ကို ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို တော်လှန်ရေးအင်အားစုတွေနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ပေးနေတယ်လို့လည်း လွေးယေဦးက ဆက်ပြောပါတယ်။
ဖိအားအမျိုးမျိုးကြားက ဘုံရန်သူ စစ်ကောင်စီကို ထိုးစစ်ဆင်တော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုအားလုံးအနေနဲ့လည်း စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီကို တော်လှန်ရာမှာ အခုချိန်ဟာ တော်လှန်ရေးအရှိန်ကို မြှင့်တင်ပြီး အောင်ပွဲရယူဖို့ အချိန်အခါကောင်းတစ်ခုဖြစ်တယ်လို့လည်း အခုလ ဇန်နဝါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့တဲ့ PSLF/TNLA နှစ်ပတ်လည်အစည်းအဝေး ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားထားပါတယ်။
တစ်ဖက်မှာလည်း တအာင်းဒေသတွင်း ဒေသတွင်း ပြည်သူလူထုတွေရဲ့ လုံခြုံမှု၊ ကာကွယ်ရေး ဆောင်ရွက်နိုင်ဖို့နဲ့ ဒေသတွေရဲ့ လိုအပ်ချက်တွေ ဆောင်ရွက်နိုင်ဖို့အတွက် စစ်ကောင်စီနဲ့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ TNLA က ပြောကြားထားပေမဲ့ စစ်ကောင်စီက တအာင်းထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေပါတယ်။




Comments