တော်လှန်ရေးရန်ပုံငွေထည့်ထားတဲ့ ပြည်သူတွေကိုသာ မင်းတပ်မြို့တွင်း ပြန်ဝင်နေခွင့်ပြုကြောင်း ကြေညာ
- BVJ

- Feb 10, 2025
- 1 min read
BVJ/ ဇော်_ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကာလအတွင်း တော်လှန်ရေးရန်ပုံငွေထည့်ဝင်ထားတဲ့ ပြည်သူတွေအနေနဲ့ မြို့/တိုက်နယ် အုပ်ချုပ်ရေးမှူး (သို့) ကျေးရွာအုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံချက်တောင်းပြီး မင်းတပ်မြို့တွင်းပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မနေ့က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြည်သူတွေအနေနဲ့ မြို့သိမ်းကာလတိုက်ပွဲအတွင်း ထောက်ပံ့ရေးရန်ပုံငွေအဖြစ် ထည့်ဝင်ထားကြောင်း ထောက်ခံချက်တွေကို မိမိတို့နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေဆီမှာ အခမဲ့ တောင်းယူနိုင်ကြောင်းနဲ့ အဲ့ဒီထောက်ခံချက်တွေကို မြို့ဝင်ဂိတ်တွေမှာပြသနိုင်သူကိုသာ မြို့တွင်းဝင်ရောက်ခွင့်ရှိမှာဖြစ်ပြီး တော်လှန်ရေးရန်ပုံငွေထည့်ဝင်ထားခြင်းမရှိသေးသူတွေလည်း မြို့ဝင်ဂိတ်တွေမှာ တော်လှန်ရေးရန်ပုံငွေထည့်ဝင်ကာ ဖြတ်ပိုင်းနဲ့မြို့တွင်းဝင်ရောက်နိုင်မှာလို့ ဖော်ပြပါတယ်။
ရန်ပုံငွေထည့်ဝင်မှုနဲ့ပတ်သက်ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က Burma VJ ကို အခုလိုပြောပါတယ်။
“ဒီမြို့သိမ်းတိုက်ပွဲအတွက်လဲ မင်းတပ်မြို့မှာရှိတဲ့ ပြည်သူတွေ ၉၀၊ ၉၅ရာခိုင်နှုန်းလောက်ကတော့ ပါ၀င်ခဲ့ကြတယ်။ တချို့ကျတော့လည်း ဟို မပါ၀င်နိုင်တဲ့သူတွေ အခက်အခဲရှိတဲ့သူတွေကို ကျွန်တော်တို့က အခွန်ကင်းလွတ်ခွင့်ပေးထားတာ အများကြီးရှိပါတယ်။ တချို့ကျတော့ ပါ၀င်နိုင်ရက်သားနဲ့ကို မပါ၀င်ဘဲနဲ့ တမင်တကာ တကူးတက မပါ၀င်တာပေါ့လေ။ ဒါ မင်းတို့က တရားမ၀င်ဘူး၊ ဒါအသိအမှတ်မပြုဘူး ဒါမဟုတ်ဘူး ဒါငါနဲ့မဆိုင်ဘူးဆိုတဲ့ ပုံစံတွေပေါ့။ အဲ့ဒါမျိုးတွေကို ကျွန်တော်တို့က ဥပဒေအရ ကျွန်တော်တို့အားလုံး ကိုယ့်မြို့လွတ်လပ်ရေးမှာ အားလုံးရုန်းကန်ပါ၀င်ခဲ့တဲ့အချိန်မှာ ရုန်းကန်တုန်းကလဲအတူ ခံစားခွင့်ရှိလဲအတူပေါ့ဆိုသလို သူ့အနေနဲ့လည်း အများနည်းတူပါ၀င်သလိုပေါ့ ကျန်တဲ့ ၉၀၊ ၉၅ရာခိုင်နှုန်းလူတွေပါ၀င်တဲ့နည်းတူ သူလဲပါ၀င်ပြီးမှ မြို့ပေါ်ပြန်လာရမယ့်သဘောမျိုးပါ။ အဲ့ဒါအရင်ကတည်းကပဲ အမိန့်စာက ထုတ်ပြန်ထားတာပါ။ အဲ့ဒါကို ကျွန်တော်တို့ Follow Through လုပ်တဲ့သဘောမျိုးပါခင်ဗျ”
ဒါ့အပြင် မြို့တွင်းပြန်လည်နေထိုင်မယ့်သူတွေအတွက် ည(၇)နာရီနဲ့ မနက်(၆)နာရီအတွင်း မြို့တွင်းသွားလာခြင်းမပြုဖို့နဲ့ လူ(၁၀)ဦးအထက်စုဝေးခြင်းမပြုရအပါအဝင် စည်းကမ်းချက် (၁၂)ချက်ကိုထုတ်ပြန်ထားပြီး အဲ့ဒါတွေကိုမလိုက်နာရင် အပြစ်ပေးအရေးယူခြင်းခံရမယ်လို့ မင်းတပ်-ပအဖက ထုတ်ပြန်ထားပါတယ်။
အပါတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တိုင်းမှာ ပြည်သူတွေအနေနဲ့ မနက် (၆) နာရီကနေ ညနေ (၆) နာရီအတွင်း မြို့တွင်း၊ မြို့ပြင် ဝင်ထွက်သွားလာခွင့်ရှိမှာဖြစ်ပြီး ကုန်စည်သယ်ယူပို့ဆောင်တဲ့ ကုန်တင်ကားတွေအနေနဲ့ အင်္ဂါနဲ့ကြာသပတေးနေ့ကလွဲပြီး ကျန်ရက်တွေမှာ မနက် (၆) နာရီကနေ ညနေ (၆) နာရီအတွင်း မြို့ကိုဖြတ်သန်းသွားလာခွင့် ရှိမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ကုန်တင်ကားတွေအတွက်လည်း သီးသန့်စည်းကမ်းချက်တွေထုတ်ပြန်ထားပြီး အဲ့ဒီထဲမှာ မင်းတပ်-မတူပီကားလမ်းမကြီးအတိုင်းသာ မောင်းနှင်ဖို့၊ ညအိပ်ရပ်နားခြင်းမပြုဖို့နဲ့ မြို့တွင်းဓါတ်ပုံ၊ ဗွီဒီယိုတွေမရိုက်ဆိုတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကိုယောမန်က “ဒီလို ကားတွေလာတယ်ဆိုတာက သူစိမ်းတွေလဲပါမယ် လူအမျိုးမျိုးရှိနိုင်တာကြောင့် မင်းတပ်-မတူပီ မင်းလမ်းမကြီးတစ်ခုတည်းပဲ အသုံးပြုခွင့်ပေးလိုက်တာပါ။ ကျန်တဲ့ ဟိုတခြားလမ်းတွေ ဟိုရပ်ကွက်ထဲ ဒီရပ်ကွက်ထဲ မမောင်းရ အဲ့လိုပါ”လို့ ပြောပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်နေ့ကစတင်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။




Comments