top of page

လက်လွှတ်ပြန်ဆုတ်ခဲ့ရတဲ့နယ်မြေတွေနဲ့ပတ်သက်ပြီး NUGယာယီသမ္မတနဲ့ဝန်ကြီးချုပ်တို့ ထည့်သွင်းပြောလာ

  • Writer: BVJ
    BVJ
  • May 5
  • 1 min read

မိုနာ/BVJ_မေ ၅၊ ၂၀၂၆

NUG ယာယီသမ္မတ ဒူဝါလရှီးလ
NUG ယာယီသမ္မတ ဒူဝါလရှီးလ

လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေ၊ ခံစစ်အနေအထားတွေနဲ့ ယာယီဆုတ်ခွာခဲ့ရတဲ့မြေပြင်အမှန်တရားတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းတို့က ဒီနေ့ မေလ ၅ရက်မှာပြောကြားလာပါတယ်။

 

ယာယီသမ္မတ ဒူဝါလရှီးလက "ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေအမြောက်အမြားရှိနေသလို စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှုတချို့လည်း ခပ်စိပ်စိပ်ကြုံတွေ့နေကြရပါတယ်။ တော်လှန်ရေးရဲ့ သဘောဟာ အနိမ့်အမြင့် အတက်အကျတွေရှိတတ်သလို၊ ရှေ့နှစ်လှမ်းတိုး နောက်တလှမ်းဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်တယ်"လို့ပြောပါတယ်။

 

ဒီလိုတွေကြုံတွေ့နေရပေမယ့်လည်း ပန်းတိုင်ကိုမျက်ခြေမပြတ်ဖို့နဲ့ မြေပြင်ပကတိအခြေအနေတွေကို လျစ်လျူမရှုဘဲ ပြည်သူလူထုလိုလားတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုမရောက်မချင်း ဇွဲနပဲကြီးစွာ ဆက်လက်ကျော်ဖြတ်ကြဖို့ဆိုပြီး ယာယီသမ္မတကတိုက်တွန်းပါတယ်။

 

ဒီနေ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်ပြီး အဲ့ဒီအတွက်ယာယီသမ္မတနဲ့ဝန်ကြီးချုပ်တို့က မိန့်ခွန်းပြောချိန်မှာ ထည့်သွင်းပြောလာတာပါ။

 

ယာယီသမ္မတမိန့်ခွန်းထဲမှာ PDF ရဲဘော်တွေဟာ လက်ရှိမှာတော်လှန်ရေးသမားတွေအဖြစ် တိုက်ပွဲဝင်နေရသလို တော်လှန်ရေးအလွန်ကာလတွေမှာလည်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် “တိုင်းပြု ပြည်ပြုသမားများ” အဖြစ် ဆက်လက်ပါဝင်ကြရမှာဖြစ်တယ်လို့ ပြောပါတယ်။

 

NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း
NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း

အလားတူပဲ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း လက်ရှိဖြစ်ပွားနေတဲ့စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ထည့်သွင်းပြောပါတယ်။

 

အဲ့ဒီထဲမှာ စစ်အုပ်စုရဲ့သာလွန်အင်အားနဲ့ရင်ဆိုင်ကြရတဲ့အခါမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ဖို့နဲ့ အစုလိုက်အပြုံလိုက် ထိခိုက်နစ်နာမှုတွေမဖြစ်ပေါ်စေဖို့အတွက် အလေးထား စဉ်းစားခဲ့ရတာတွေကြောင့် တချို့စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ မြေပြင်အမှန်တရားတွေရှိခဲ့ကြောင်းလည်း​ ပြောပါတယ်။

 

“ဒါဟာ ရန်သူကိုကြောက်လို့မဟုတ်ဘဲ ပြည်သူကိုမျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆုံးဖြတ်ချက်တွေဖြစ်သလို ရှေ့ဆက်ရမဲ့ ဗျူဟာမြောက်တိုက်ပွဲများအတွက် အင်အားစုဆောင်းတာလည်းဖြစ်ပါတယ်။ ဒီနေရာမှာအလျင်းသင့်လို့ပြောရရင် စစ်ရေးသဘော သဘာဝအရလိုအပ်လာတဲ့အခါ တန်ပြန်ထိုးစစ်မှ ခုခံစစ်ကိုတဖန်ဆင်နွှဲရတဲ့အခါ စိတ်ဓါတ်ရေးရာအရ အားလျော့မသွားကြဖို့သတိပေးလိုပါတယ်"လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

 

ဒါ့အပြင် "ခရီးကရှည်လျားလွန်းတော့ လူဆိုတာပင်ပန်းတတ်တာ သဘာဝပဲဖြစ်ပါတယ်။ ပင်ပန်းလာတဲ့အခါ ခဏနားပါ။ ဒါပေမဲ့ လမ်းဆုံးအထိဆက်လျှောက်ရမှာဖြစ်ပါတယ်။ အဲဒီလို နားနေတာဟာ လက်နက်ချဖို့ မဟုတ်သလို လမ်းခုလတ်မှာ ရပ်တန့်သွားဖို့လည်း မဟုတ်ပါဘူး။ အားအင်တွေ ပြန်ပြည့်လာပြီဆိုတာနဲ့ ရှေ့ကို ဆက်လျှောက်ရမယ်ဆိုတဲ့ အသိစိတ်ကတော့ ရဲဘော်တွေနဲ့အတူအမြဲရှိနေရမှာဖြစ်ပါတယ်"လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။

 

လက်ရှိမှာ စစ်အုပ်စုက လေကြောင်းနဲ့လက်နက်အင်အားအများအပြားသုံးပြီး လူထုနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ တော်လှန်ရေးစိတ်ဓာတ်ကိုဖြိုလှဲဖို့ သတင်းအမှားတွေထုတ်ပြန်နေတာကိုလည်း မိန့်ခွန်းထဲမှာထည့်သွင်းသတိပေးသွားပါတယ်။

 

ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ ၂၀၂၅၊ စက်တင်ဘာ ၂၀ရက်မှာ သိမ်းပိုက်ပြီးနောက်မြင်တွေ့ရပုံ။
ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ ၂၀၂၅၊ စက်တင်ဘာ ၂၀ရက်မှာ သိမ်းပိုက်ပြီးနောက်မြင်တွေ့ရပုံ။

စစ်အုပ်စုဟာ PDFတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်း၊လက်နက်ကြီးအပါအဝင် အင်အားအလုံးအရင်းနဲ့ ပြန်လည်တိုက်ခိုက်သိမ်းယူနေတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ကိုင်းတိုင်း၊အင်းတော်မြို့ကိုပြန်လည်ထိန်းချုပ်ထားကြောင်း စစ်အုပ်စုက ဧပြီ ၃၀ရက်မှာကြေညာထားပါတယ်။

 

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလေ့လာစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ BNI-Myanmar Peace Monitor ရဲ့မှတ်တမ်းအရ တော်လှန်ရေးအင်အားစုတွေ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တဲ့ မြို့ပေါင်း (၁၀၄) မြို့အထိရှိခဲ့ပြီး အဲ့ဒီထဲက ၁၆ မြို့ကို စစ်အုပ်စုကပြန်လည်ဝင်ရောက်ထိန်းချုပ်သွားတာ ဖြစ်ပါတယ်။

 

စစ်အုပ်စုပြန်လည်ထိန်းချုပ်သွားတဲ့ ၁၆ မြို့ထဲမှာ ကောလင်း၊ မြဝတီ၊ လားရှိုး၊ ဆီဆိုင်၊ မိုးဗြဲ၊ သပိတ်ကျင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်၊ စဉ့်ကူးမြို့၊ ဗန်းမောက်မြို့၊ တကောင်းမြို့၊ အင်းတော်နဲ့ ဖလမ်းမြို့တို့ပါဝင်တာကြောင့် လက်ရှိမှာတော်လှန်ရေးအင်အားစုတွေထိန်းချုပ်မြို့ ၈၈ မြို့ကျန်ရှိသေးတယ်လို့ သိရပါတယ်။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page