YDFမြေပြင်စစ်ဒေသရုံးက ဗိုလ်ကြီးနဲ့တပ်ကြပ်သေဆုံးမှုအတွက် တလကျော်ကြာတဲ့အထိ စုံစမ်းစစ်ဆေးမှုမရှိသေး
- BVJ

- May 4
- 1 min read
မိုနာ/BVJ_မေ ၄၊ ၂၀၂၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာနားမှာ အခုနှစ် မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ယောကာကွယ်ရေးတပ်-YDFတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး YDF တပ်ဖွဲ့ကနေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ YDFမြေပြင်စစ်ဒေသရုံးဦးဆောင်ကော်မတီက ဗိုလ်ကြီး ကောင်းကောင်းနဲ့တပ်ကြပ် စိုင်းဇော်ဝင်းတို့ကျဆုံးခဲ့ပါတယ်။
YDFမြေပြင်စစ်ဒေသရုံးရဲ့ ဦးဆောင်သူ ဗိုလ်ကြီးကောင်းကောင်းဟာ သားရှင်ပြုအလှူပြုလုပ်ဖို့အတွက် ရေမျက်နီကျေးရွာကိုသွားရောက်ချိန်မှာ ကိုမြတ်သူဦးဆောင်တဲ့ YDFအဖွဲ့က ထောက်လှမ်းရေးလူနှစ်ဦးဟာ အလှူအိမ်ကိုရောက်လာခဲ့တာကြောင့် အလှူကိုလာကူညီကြသူတွေ အထိတ်တလန့်မဖြစ်စေရေးအတွက် ဘေးကိုခဏခေါ်ပြီး ဗိုလ်ကြီးကောင်းကောင်းနဲ့ စကားပြောဆွေးနွေးခဲ့ကြောင်းနဲ့ အဲ့ဒီအချိန်မှာ ကိုမြတ်သူဦးဆောင်တဲ့YDFအဖွဲ့က (၂၅)ဦးလောက်ဟာ ရုတ်တရက် အတင်းဝင်ရောက်ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ရတာဖြစ်ကြောင်း YDFမြေပြင်စစ်ဒေသရုံးက မတ်လ ၂၃ရက်ညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် ပစ်ခတ်လုပ်ကြံမှုကြောင့်ကျဆုံးခဲ့ရတဲ့ ဗိုလ်ကြီးကောင်းကောင်းနဲ့တပ်ကြပ်စိုင်းဇော်ဝင်းတို့အတွက် လက်ရှိအချိန်ထိ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေဆီက ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေနဲ့ တာဝန်ယူဖြေရှင်းပေးတဲ့ အကြောင်းတစုံတရာမျှမရှိခဲ့သေးဘူးလို့ မနေ့က မေ ၃ရက်မှာ YDFမြေပြင်စစ်ဒေသရုံးက ထုတ်ပြန်လာပါတယ်။
ကိုကောင်းကောင်းတို့အဖွဲ့ဟာ ၂၀၂၅၊မေလ ၈ရက်နေ့ထဲက YDFကနေထွက်ပြေးပြီး ခွဲထွက်သွားတာကြောင့် ရာဇဝတ်သားအဖြစ် ကိုမြတ်သူဦးဆောင်တဲ့ YDFအဖွဲ့ကကြေညာထားတာဖြစ်သလို ကိုမြတ်သူဦးဆောင်တဲ့ YDFတပ်ဖွဲ့က ရဲဘော်(၈)ဦးနဲ့လက်နက်တွေကို ကိုကောင်းကောင်းဦးဆောင်တဲ့ YDFမြေပြင်စစ်ဒေသရုံးက ဖမ်းဆီးထားခဲ့တာကြောင့် မကွေးတိုင်းစစ်ဌာန တိုင်းမှူး (MOD)၊ နွေဦးတော်လှန်ရေး တပ်ပေါင်းစု SRAကိုယ်စားပြုသူတွေဖြစ်တဲ့ ကိုဆောင်းခ (BPLA)၊ကိုမင်းကျော် (YA)တို့နဲ့ ဂန့်ဂေါခရိုင် စစ်ဒေသရုံးကိုယ်စားပြု သခင်ဇော် (YRA)တို့လေးဦးက သဘာပတိတွေအဖြစ် ဆောင်ရွက်ညှိနှိုင်းပေးခဲ့ကြပါတယ်။
အဲ့ဒီညှိနှိုင်းမှုကြောင့် ၂၀၂၆၊ မတ်လ ၁၀ရက်နေ့မှာပဲ (၈)ဦးကိုပြန်လွှဲပြောင်းပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် YDFနှစ်ဖွဲ့ကြားကကိစ္စရပ်တွေကို ကြားဝင်ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပြီး အဲ့ဒီစေ့စပ်ညှိနှိုင်းရေးကာလအတွင်းမှာ YDF-ဗဟိုစစ်ရုံးချုပ်နဲ့မြေပြင်စစ်ဒေသရုံးတို့ကြား အပစ်ခတ်ရပ်စဲကာ လက်နက်နဲ့ဖြေရှင်းမှုတွေမပြုလုပ်ကြဖို့နဲ့ တကယ်လို့လက်နက်နဲ့ဖြေရှင်းမှု ဖြစ်ပွားခဲ့ရင် ကျည်စဖောက်တဲ့အဖွဲ့ကအမှားလို့သတ်မှတ်ပြီး ကြားခံအဖွဲ့အစည်းတွေကနေ ထိ ရောက်တဲ့အရေးယူမှုတွေပြုလုပ်သွားမယ်ဆိုပြီး သဘောတူညီချက်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဗိုလ်ကြီးကောင်းကောင်းတို့နှစ်ဦးသေဆုံးမှုအပေါ် အခုချိန်ထိတာဝန်ယူဖြေရှင်းပေးတာမျိုးမရှိသေးတဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်းနဲ့ သဘောတူညီချက်အတိုင်း စုံစမ်းစစ်ဆေးပေးဖို့ဆိုပြီး YDFမြေပြင်စစ်ဒေသရုံးက မနေ့က မေ ၃ရက်မှာ တိုက်တွန်းတောင်းဆိုလာပါတယ်။
“ကျွန်ပ်တို့ကျန်ရှိရဲဘော်များနည်းတူ ယောပြည်သူလူထုနှင့် ကျဆုံးရဲဘော်များ၏မိသားစုဝင်များသည် ကြားခံအဖွဲ့အစည်းများ၏ တာဝန်ယူဖြေရှင်းပေးခြင်းအား အားကိုးယုံကြည်စွာ မျှော်လင့်လျှက်ရှိနေသည့်အတွက် အမှန်တရားရရှိရေးကိုရှေးရှုကာ သက်ဆိုင်ရာတာဝန်ခံ အဖွဲ့အစည်းများမှနေ၍ အချိန်မကြန့်ကြာစေဘဲ သဘောတူညီချက်အတိုင်းစုံစမ်းစစ်ဆေးမှုများနှင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများအမြန်ဆုံးပြုလုပ်ပေးကြပါရန် ကျွန်ုပ်တို့ ယောကာကွယ်ရေးတပ် - မြေပြင်စစ်ဒေသရုံးအနေဖြင့် ထပ်မံတိုက်တွန်းလိုပါသည်”လို့ ထုတ်ပြန်ထားပါတယ်။
YDFမြေပြင်စစ်ဒေသရုံး တာဝန်ရှိသူတစ်ဦးက “စဖြစ်ခါစက SRAကတာဝန်ရှိသူတစ်ဦးကနေပြီးတော့ မကြာခင်စုံစမ်းစစ်ဆေးမှုလုပ်ဖို့ရှိတယ်လို့တော့ပြောထားပေမယ့် ခု ၁ လကျော်ကြာတဲ့အထိ SRAဦးဆောင်ကော်မတီရဲ့ တရားဝင်ဆုံးဖြတ်ချက်နဲ့ လာရောက်စုံစမ်းစစ်ဆေးမှုမျိုးတွေ၊ကျွန်တော်တို့ဆီ ဆက်သွယ်အကြောင်းကြားလာတာမျိုး ၊ ဖြေရှင်းပေးတာမျိုးတွေ မရှိသေးပါဘူးဗျ။
ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ခုကိစ္စကိုဖြေရှင်းပေးဖို့အတွက် SRAဆီ စာတင်ပြီးအကြောင်းကြားတာက ၂ကြိမ်ရှိခဲ့ပါပြီဗျ။ ဒါပေမယ့် SRA ဘက်ကခိုင်မာတိကျတဲ့ တရားဝင်အကြောင်းကြားလာတာမျိုးတော့ ခုချိန်ထိမရရှိခဲ့သေးပါဘူးဗျ”လို့ Burma VJကိုပြောပါတယ်။
ကိုမြတ်သူဦးဆောင်တဲ့ YDFဟာ နွေဦးတော်လှန်ရေးကပေါ်ပေါက်လာတဲ့ အဖွဲ့တွေနဲ့စုပေါင်းထားတဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစု-SRA အဖွဲ့ဝင်ဖြစ်ပြီး အာရက္ခတပ်တော် -AAနဲ့ မဟာမိတ်လည်းဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ကိုမြတ်သူဦးဆောင်တဲ့YDFတပ်ဖွဲ့က ပြီးခဲ့တဲ့လ ဧပြီ ၇ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထဲမှာ YDFဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ တပ်မှူးသမိုင်းက ဗိုလ်ကြီးကောင်းကောင်းတို့နှစ်ဦးကိုပစ်ခတ်မှုဟာ မလွှဲမရှောင်သာအခြေအနေဖြစ်ပြီး မိသားစုနဲ့ထပ်တူစိတ်မကောင်းကြောင်းနဲ့ ကျန်နေသေးတဲ့ရာဇဝတ်သားတွေကို တပ်မှာပြန်လည်ထမ်းဆောင်ဖို့ဖိတ်ခေါ်ပြီး တပ်ကိုပြန်မလာတော့ဘူးဆိုရင်လည်း YDFကပြန်ပေးဆွဲထားသူတွေနဲ့လက်နက်တွေကိုပြန်အပ်နှံပေးဖို့ဆိုပြီး ပြောထားပါတယ်။




Comments