တော်လှန်ရေးမအောင်မှာ စိတ်ပူစရာအကြောင်းမရှိဘူးလို့ NUGကာကွယ်ရေးဝန်ကြီး ပြော
- BVJ
- May 5
- 1 min read
BVJ/ယူဂရင်း_ မေ ၅၊ ၂၀၂၅

စစ်စည်းကမ်းနဲ့ အမိန့်ပေးနာခံမှုကောင်းတဲ့ တပ်မတော်တစ်ရပ်ရှိနေတာကြောင့် ဒီတော်လှန်ရေးမအောင်မှာ စိတ်ပူစရာအကြောင်းမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောကြားပါတယ်။
“ငါတို့မှာ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာတဲ့ တပ်မတော်တစ်ရပ်၊ အဆင့်ဆင့်သော အမိန့်ပေး အမိန့်နာခံမှု ကောင်းတဲ့ တပ်မတော်တစ်ရပ်၊ ဉာဏ်ပညာနဲ့ သူရသတ္တိ ပြည့်ဝတဲ့ တပ်မတော်တစ်ရပ်ရှိထားပြီဆိုရင် ဒီတော်လှန်ရေး မအောင်မှာ စိတ်ပူစရာအကြောင်း မရှိဘူးလို့ ပြောလိုတယ်”လို့ ဒီနေ့ မေ၅ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း လေးနှစ်ပြည့်မှာ ဝန်ကြီးဦးရည်မွန်က ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာပါ။
အခုလို PDF တပ်မတော်ထူထောင်နိုင်အောင်၊ ရပ်တည်နိုင်အောင်၊ တိုက်ပွဲဝင်နိုင်အောင် ကူညီ စောင့်ရှောက်ပေးခဲ့တဲ့ တော်လှန်ပြည်သူတွေနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးကို လည်းအထူးကျေးဇူးတင်ကြောင်း ပြောပါတယ်။
ဒ့ါအပြင် ရှစ်လနီးပါးကြာတိုက်ယူပြီးနောက် အခုနှစ် ဧပြီပထမပတ်မှာ စစ်ကောင်စီဆီကနေ PDFပူးပေါင်းတပ်တွေသိမ်းယူနိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကလည်း PDF လေးနှစ်ပြည့်အကြို မွေးနေ့လက်ဆောင်အဖြစ် အညာကPDFတွေက ပေးခဲ့တာဖြစ်ပြီး အဲ့ဒီအတွက်လည်း အညာPDFတွေကို အထူးကျေးဇူးတင်ကြောင်း ဝန်ကြီးက ပြောပါတယ်။
အင်းတော်တိုက်ပွဲအောင်နိုင်ခြင်းဟာ PDF တပ်မတော်အတွက် သမိုင်းဝင်အောင်ပွဲလည်း ဖြစ်ပြီး PDFတပ်မတော် အောင်ပွဲဆင်နိုင်ခြင်းမှာ အရေးကြီးတဲ့ အခြေခံအချက်သုံးချက်ဖြစ်တဲ့ မြေပြင် ပိုင်စိုးမှု၊ ပြည်သူလူထုထောက်ခံပါဝင်မှု၊ ရေရှည်တောင့်ခံနိုင်စွမ်း တို့ကြောင့်ဖြစ်တယ်လို့လည်း မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
အင်းတော်မြို့ကို တော်လှန်ရေးအင်အားစုတွေကို သိမ်းပိုက်ပြီးချိန်မှာ လက်နက်ခဲယမ်းတွေနဲ့ တပ်မ ၇၇ ဗျူဟာမှူး အပါအဝင် စစ်အုပ်စုအဖွဲ့ဝင် ၁၈၀နီးပါးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးမိခဲ့ပါတယ်။
“ငါတို့မှာ မွန်မြတ်တဲ့ ရည်မှန်းချက် ရှိတယ်။ ငါတို့မှာ ကိုယ်နှုတ်နှလုံးနဲ့ ထောက်ခံပါဝင်နေတဲ့ တော်လှန်ပြည်သူတွေ ရှိတယ်။ ငါတို့မှာ နိုင်ငံအနှံ့တပ်ဖြန့်နေရာယူထားတဲ့ တော်လှန်ရေးရဲဘော်တွေ ရှိတယ်။ ငါတို့ရဲ့ စစ်ပညာနဲ့ တိုက်စွမ်းရည်ကို ဆက်လက်မြှင့်တင်ကြရမယ်။ငါတို့ရဲ့ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်တွေကို နည်းမျိုးစုံနဲ့ ဆက်လက်ဖြည့်ဆည်းကြမယ်”လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
NUGဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟာ လေးနှစ်အတွင်းမှာ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်ပြည့်မီတဲ့ တပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်လာနိုင်ပြီလို့ ဒီနေ့ မေလ ၅ ရက်မှာ ပြောကြားပါတယ်။
Commentaires