“တော်လှန်ရေး ‘မြစ်’ တို့၏ မာယာ”
- BVJ

- 18 minutes ago
- 2 min read
ယက္ခ်ဗလ

အရေးကြီးတဲ့ကိစ္စကတော့ စစ်အုပ်စုက ပြည်သူလူထုအပေါ် မျက်နှာစာပေါင်းစုံကနေ ဝါဒဖြန့် မှိုင်းတိုက် ပဉ္စလက်ပြဖို့ ကြိုးပမ်းနေမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဖက်ဒရယ်ဦးဆောင်ကော်မတီ (SCEF) တို့က မျက်နှာစာပေါင်းစုံကနေ တုန့်ပြန်တိုက်ခိုက်ရေးပါ။
စစ်အုပ်စုက ရွေးကောက်ပွဲအတုလုပ်၊ လွှတ်တော်အတုခေါ်၊ အစိုးရအတုဖွဲ့စည်းပြီး နိုင်ငံတကာရဲ့ အသိအ မှတ်ပြုမှုရအောင် ကျားချောင်း “ချောင်း”၊ ကျားကုတ်ကျားခဲ ကြိုးပမ်းနေတာက “မကြည့်ချင် မြင်ရက်သား” လို့ ပြောရမှာပါ။ မျက်နှာစာပေါင်းစုံကနေရသလောက် ‘ဇွတ်’အတင်းတိုးဝင်ဖို့ ကြိုး ပမ်းနေတဲ့ စစ်အုပ်စုရဲ့ ဒီကြိုးပမ်းမှုကို လျှော့တွက်လို့မရပါဘူး။ နိုင်ငံတကာရဲ့အခြေအနေဟာ အလျင်အမြန်ပြောင်းလဲနေပြီး နိုင်ငံအသီးသီးရဲ့ အကျိုးစီးပွားတွေက “ဒွေးရောယှက်တင်” ဖြစ်နေချိန် ဖြစ်တာပိုလို့မျက်ခြေမပြတ်စောင့်ကြည့်ပြီး လိုအပ်သလို ဘက်ပေါင်းစုံက တုံ့ပြန်ရမယ့်အချိန်ပါ။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ (SCEF) က ဒီအခြေအနေအပေါ် အလေးအနက် အာရုံစူးစိုက်စောင့်ကြည့်နေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဒီထုတ်ပြန်ချက်မှာ ထောက်ခံအသိအမှတ်ပြုရမယ့် ရပ်တည်ချက်အများအပြားကို တွေ့ရပေမယ့် အဓိကအချက်ကိုပြောရရင် “စစ်အုပ်စုမှာ တွေ့ဆုံဆွေးနွေးလိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒ မရှိသလို နိုင်ငံရေးစိတ်ဆန္ဒမရှိတဲ့ စစ်အုပ်စုအပေါ် အာဆီယံရဲ့ ပြေလျော့ဆက်ဆံသလို ဖြစ်နေတဲ့ ခြေလှမ်းတိုင်းက စစ်အုပ်စုကိုသာ အကျိုးအမြတ်ဖြစ်စေပြီး “မြန်မာနိုင်ငံနဲ့ပြည်သူ” တွေရဲ့ အကျိုးစီးပွားကို ကျောခိုင်းသလိုဖြစ်နေတယ်” ဆိုတဲ့ ရပ်တည်ချက်ပါ။ ဒါကမှန်ကန်တဲ့ရပ်တည်ချက်ပါ။ ဒါပေမဲ့ ပြဿနာက မှန်ကန်တဲ့ရပ်တည်ချက်ကနေ မှန်ကန်ကောင်း မွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ချဉ်းကပ်ပုံပါ။ ပြောရရင် မဟာဗျူဟာ စိန်ခေါ်ချက်ပါ။

ဒီမဟာဗျူဟာစိန်ခေါ်ချက်အပေါ် ပထမဆုံး တုန့်ပြန်ရမယ့်ခြေလှမ်းက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကော်မတီ (SCEF) ရဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်စေမယ့် နိုင်ငံရေးမူဘောင်ပါ။ ထပ်ချပ်မကွာ လိုက်လာရမယ့်ခြေလှမ်းကတော့ ဒီမူဘောင်အပေါ် ဖက်ဒရယ်ဒီမိုကရေစီအင် အားစု အသီးသီးက ထောက်ခံလက်ခံလာအောင် ကြိုးပမ်းဖို့ပါ။ ဒီဇူလိုင် (၁၅) ရက် ထုတ်ပြန်ချက်မှာပါတဲ့ စစ်အုပ်စုဘက်က အနိမ့်ဆုံး ဦးစွာဖော်ဆောင်ပေးရမယ့် အချက် (၅) ချက် ဟာ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးအရ ဖြေရှင်းလိုစိတ် အမှန်တကယ် ရှိ/မရှိအပေါ် အာဆီယံက တိုင်းတာစစ်ဆေးကြည့်နိုင်တဲ့ စံအချက် (၅) ချက် လို့ ပြောနိုင်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ တော်လှန်ရေးအုပ်စုတွေရဲ့ နိုင်ငံရေးမူ ဘောင်ဟာ မဟာဗျူဟာရဲ့ ‘ခေါင်း’ ဆိုရင် ဒီမူဘောင်အပေါ် အာဆီယံအပါအဝင် နိုင်ငံတကာက လက်ခံလာရေးက ‘ပန်း’ လို့ ပြောရမှာပါ။ အကျိုးစီးပွားတွေ ‘ပွတ်တိုက်’ နေတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ မဟာဗျူဟာရဲ့ ‘ခေါင်း’ နဲ့ ‘ပန်း’ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရေးဟာ ခက်ခဲတဲ့ တာဝန်ဖြစ်ပေမယ့် မဖြစ်နိုင်တဲ့ ပန်းတိုင်တော့ မဟုတ်ပါဘူး။ အရင်ဆုံး နှလုံးသွင်းရမှာက ဒီမဟာဗျူဟာလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းရာမှာ ‘ဗြောင်’ ဆန့်ကျင်မယ့် အင်အားစုတွေရှိသလို အတွင်းကြိတ် ခြေထိုးမယ့်အင်အားစုတွေ ရှိနေတယ်ဆိုတဲ့ ပကတိအရှိတရားကို သတိပြုကိုင်တွယ်ရမယ့်ကိစ္စပါ။ အခြေအနေအလိုက် တုန့်ပြန်ရာမှာ လိုအပ်တာထက် ပိုပြင်းထန်တာမျိုး မဖြစ်ရအောင် နှလုံးသွင်းထား ဖို့ လိုအပ်ပါတယ်။
ဥပမာပြောရရင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAGM သို့မဟုတ် SAC-Mက အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ရဲ့ ချဉ်းကပ်ပုံအပေါ် သုံးသပ်ချက်ဟာ မမှားပေမယ့် တုန့်ပြန်ချက်က ပြင်းထန်နေပါတယ်။ အာဆီယံရဲ့အထူးကိုယ်စားလှယ် (ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး) က “ရန်လိုပြီး လမ်း လွှဲမှားစေတယ်” ဆိုတဲ့ တုန့်ပြန်ချက်ကို ကြည့်လိုက်ရင် ခံပြင်းဒေါသထွက်နေတာက ရှင်းရှင်းကြီး ပေါ်လွင်နေပါတယ်။ ဒီနေရာမှာ ဖြစ်သင့်တာက မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အနေနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ချဉ်းကပ်ပုံအပေါ် နားလည်ပေမယ့် စစ်အုပ်စုရဲ့ နိုင်ငံရေးစိတ်ဆန္ဒကင်းမဲ့ပုံ အထောက် အထားတွေ ထပ်ထောက်ပြပြီး စစ်အုပ်စုက ဆွေးနွေးလိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒကို အထင်အရှား သက်သေမပြနိုင်ရင် ဘယ်လိုလုပ်ငန်းစဉ်မျိုးလုပ်ကိုင်ပါ ဆိုတဲ့ တိုက်တွန်းချက်ကို တွဲဖက်တောင်းဆိုတာမျိုး ဆောင်ရွက်သင့်ပါတယ်။
နိုင်ငံရေးရပ်တည်ချက်မတူတဲ့ အာဆီယံနိုင်ငံတွေကြား အကျိုးစီးပွားချင်း မတူညီတဲ့အတွက် အာဆီယံနိုင်ငံအားလုံးရဲ့ ထောက်ခံမှုရတဲ့ ခြေလှမ်းမျိုး အကောင်အထည်ပေါ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒီအခက်အခဲကို နားလည်အသိအမှတ်ပြုဖို့ လိုအပ် ပါတယ်။ ဒါပေမဲ့ တစ်ပြိုင် တည်းမှာပဲ ကိုယ်လိုချင်တဲ့ နိုင်ငံရေးဦးတည်ချက်အပေါ် ဘယ်လိုရောက် အောင်လုပ်မလဲဆိုတဲ့ ချဉ်းကပ်ပုံပါ တစ်ပါတည်း ပူးတွဲတင်ပြရမှာပါ။

စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးတုကို အလွတ်သဘောတွေ့ဆုံခြင်းက နိုင်ငံရေးစိတ်ဆန္ဒရှိကြောင်း အခိုင် အမာ သက်သေပြချက်တွေ ရမလာခဲ့ရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေနဲ့ တရားဝင်ဆွေးနွေး၊ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့် ဆောင်ရွက်ဖို့ကို တောင်းဆိုသင့်ပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကြား ထိပ်တိုက်တိုး၊ ပဋိပက္ခအသွင်ဆောင်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေနိုင်တယ်ဆိုတာကို သတိမမေ့ဖို့လိုအပ်ပါတယ်။
တစ်ဖက်မှာလည်း စစ်အုပ်စုက လှမ်းလာမယ့် နိုင်ငံရေးခြေလှမ်းကို ကြိုတင် ရိုက်ချိုးထားဖို့ လိုအပ်ပါတယ်။ ဒါက ပြိုင်ဘက်ဖြစ်လို့ ရိုက်ချိုးရမယ်လို့ ပြောတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ အိမ်နီး ချင်းနိုင်ငံတွေအပါအဝင် ဒေသတွင်းနိုင်ငံတွေအတွက် အကျိုးမရှိနိုင်လို့ ကြိုတင်ရိုက်ချိုးရမယ်လို့ ပြောတာပါ။ စစ်အုပ်စုဟာ သူ့ရဲ့ ငြိမ်းချမ်းရေးအတုဖော်ဆောင်ရေးဌာန (NS PNC) ကတစ်ဆင့် ငြိမ်းချမ်းရေးအတု (NCA) ကို ဖော်ဆောင်ဖို့ကြိုးပမ်းနေတာက ရှင်းရှင်းကြီးကို မြင်နေရတာပါ။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဖက်ဒရယ်ဦးဆောင်ကော်မတီ (SCEF) နဲ့အတူ “အင်အားစုအားလုံး ပါဝင်ဖြေရှင်းရေးဆိုတဲ့ အာဆီယံရဲ့ အခြေခံမူကို ချိုးဖောက်တဲ့ ဒီခြေလှမ်းအပေါ် အာဆီယံအနေနဲ့ ပြတ်ပြတ်သားသား ပယ်ချတဲ့ သဘောထား တရားဝင် ကြိုတင် ထုတ်ပြန်နိုင်ရေး” ကို ကြိုးပမ်းသင့်ပါတယ်။
အာဆီယံရဲ့ ဒီအခြေခံမူအပေါ် ချိုးဖောက်တဲ့ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အာဆီယံအနေနဲ့ အခိုင်အမာဆန့်ကျင်လာအောင် ကြိုးပမ်းသင့်ပါတယ်။ ဥပမာပြောရရင် လာအိုနိုင်ငံရဲ့ မအလကို တရားဝင်ဖိတ်ကြားမှု၊ ထိုင်းနိုင်ငံရဲ့ သြဂုတ်လ အတွင်းပြုလုပ်မယ်ဆိုတဲ့ ဖိတ်ကြားမှုတွေအပေါ် အာဆီယံအဖွဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြရေးကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နဲ့အတူ လက်တွဲဆောင်ရွက်သင့်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးအတု ဖော်ဆောင်ရေးဌာန (NS PNC) က ငြိမ်းချမ်းရေးအတု (NCA) ကို ဖော်ဆောင်တဲ့ ကြိုးပမ်းနေတဲ့ ကိစ္စမှာ အိမ်နီးချင်းနိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံပါဝင်ပတ်သက်မှုကို အာဆီယံရဲ့ မူနဲ့အညီ ဖြစ်လာအောင် တတ်အားသရွေ့ ကြိုးပမ်းသင့်ပါတယ်။

တရုတ်နိုင်ငံရဲ့ လက်ရှိဆောင်ရွက်ချက်ဟာ ‘မြန်မာပြည်သူတွေကို မျက်နှာမူတဲ့ ငြိမ်းချမ်း ရေးဖော်ဆောင်ရေး’ ဆိုတဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒနဲ့ လွဲချော်နေသလို အာဆီယံရဲ့ ‘မြန်မာပြ ည်သူတွေကိုယ်တိုင် ဦးဆောင်အကောင်အထည်ဖော်တဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်’ ဆိုတဲ့ အာဆီယံမူဝါဒနဲ့ မကိုက်ညီတာကို ထောက်ပြပြီး တရုတ်နိုင်ငံကို အာဆီယံရဲ့ ခြေလှမ်းတွေမှာ အတူပါဝင်လာရေးကို အာဆီယံအဖွဲ့ကလည်း ကြိုးပမ်းလာအောင် တိုက်တွန်းသင့်ပါတယ်။ လိုရင်းပြောရရင် မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအနေနဲ့ လမ်းမှန်ပေါ်ရောက်လာအောင် ‘ထောက်ခံမှုနဲ့ ကန့်ကွက်မှု’ ကို လိုအပ်သလိုတွဲဖက်ပြီး အတိုးအလျော့လုပ်နိုင်တဲ့ ချဉ်းကပ်ပုံကို ကျင့်သုံးဖို့လိုအပ်ပါတယ်။
နောက်ဆုံးမှ ရည်ညွှန်းရပေမယ့် တန်းတူအရေးကြီးတဲ့ကိစ္စကတော့ စစ်အုပ်စုက ပြည်သူလူထုအပေါ် မျက်နှာစာပေါင်းစုံကနေ ဝါဒဖြန့် မှိုင်းတိုက် ပဉ္စလက်ပြဖို့ ကြိုးပမ်းနေမှုအပေါ် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် ဖက်ဒရယ်ဦးဆောင်ကော်မတီ (SCEF) တို့က မျက်နှာစာပေါင်းစုံကနေ တုန့်ပြန်တိုက်ခိုက်ရေးပါ။ (၅) နှစ်သက်တမ်း ရှည်ကြာလာပြီဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတော် လှန်ရေးအပေါ် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အံကြိတ်ခုခံတွန်းလှန်နေချိန်မှာ ပြည်သူလူထုရဲ့ သန္နိဋ္ဌာန်ချကို လျော့ပါးစေမယ့် ဘယ်လိုကိစ္စမျိုးကိုမဆို အလေးအနက်ထား တုန့်ပြန် ဆောင်ရွက်သင့်ပါတယ်။
တော်လှန်ရေးရဲ့ အနာဂတ်ခြေလှမ်းတိုင်းဟာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ (SCEF) မှာ ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေ ကျယ်ပြန့်သထက် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာရေးက အခြေခံအုတ်မြစ်ဆိုတာဟာ အထူးတလည် ရည်ညွှန်း ပြောဆိုရမယ့်ကိစ္စ မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။
ယက္ခ်ဗလ




Comments