တေးရေးနိုင်မြန်မာ ရက်လည်ကို တော်လှန်ရေးလှုပ်ရှားသူများက မဲဆောက်မှာပြုလုပ်
- BVJ

- Feb 13, 2025
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၅

စစ်အာဏာရှင်တော်လှန်ရေး “ကမ္ဘာမကြေ” သီချင်းကို ရေးစပ်ဖန်တီးခဲ့သူ၊ စာသူပုန်ကြီး တေးရေးဆရာ၊ ကဗျာဆရာ နိုင်မြန်မာ (ခ) နိုင်ဦးမြင့် ကွယ်လွန်ခြင်း ရက်လည်အခမ်းအနားကို ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်က မဲဆောက်မြို့တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။
တေးရေးဆရာ နိုင်မြန်မာဟာ ရန်ကုန်တိုင်း သန်လျင်မြို့က သူ့နေအိမ်မှာ အခုလ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းကကွယ်လွန်ခဲ့ပြီး သူကွယ်လွန်ချိန်မှာ အသက် (၆၈)နှစ်ရှိပြီလည်း ဖြစ်ပါတယ်။ ဆရာ နိုင်မြန်မာကို ရည်စူးပြီး တော်လှန်ရေးပါဝင်နေတဲ့ အင်အားစုတွေက ဦးဆောင်ကာ မဲဆောက်မှာ ရက်လည်ပြုလုပ်ပေးတာဖြစ်ပါတယ်။
စစ်အာဏာရှင်အဆက်ဆက်ကို တော်လှန်ခဲ့တဲ့ ဆရာနိုင်မြန်မာဟာ ခေတ်အဆက်ဆက်အာဏာရှင်တွေရဲ့ အငြိုးထားတာကိုခံခဲ့ရသလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီလက်အောက်ခံ အနုပညာလုပ်ငန်းတွေက ငွေကြေးအများအပြားပေးကာ အလုပ်ကမ်းလှမ်းမှုတွေရှိခဲ့ပေမဲ့ ကွယ်လွန်ချိန်ထိ ငြင်းဆန်ခဲ့သူတစ်ဦးလည်းဖြစ်တယ်လို့ ဆရာ နိုင်မြန်မာနဲ့ ရင်းနှီးသူ ဂီတနဲ့ ကဗျာဆရာအသိုင်းအဝိုင်းက ပုဂ္ဂိုလ်အချို့ကလည်း ပြောပါတယ်။
စစ်အာဏာရှင် တော်လှန်ရေးကာလတစ်လျှောက် ထင်ရှားလူသိများခဲ့တဲ့ “ကမ္ဘာမကြေ” သီချင်းဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလအတွင်း ရေးဖွဲ့ခဲ့တာဖြစ်ပြီး ဆရာနိုင်မြန်မာနဲ့အတူ ကျောင်းသား၊ ကျောင်းသူ (၁၃)ဦးတို့ လမ်းမပေါ်ထွက်ကာ လက်နက်ကိုင်စစ်တပ် တပ်ဖွဲ့ဝင်တွေရဲ့ ရှေ့မှာ သီဆိုခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်နောက်ပိုင်းမှာလည်း ဆရာ နိုင်မြန်မာရဲ့သားဖြစ်သူ အဆိုတော်ဗျူဟာကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄ (က) တို့နဲ့ မတရား ဖမ်းဆီးတရားစွဲဆိုထားပြီး ထောင် အနှစ် (၂၀) ချမှတ်ထားပါတယ်။




Comments