top of page

တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မယ့်အပေါ် ချင်းတပ်ဖွဲ့များ သဘောထားမတူညီ ဖြစ်နေ

  • Writer: BVJ
    BVJ
  • Jan 15, 2025
  • 1 min read

BVJ/မိုနာ_ ဇန်နဝါရီ ၁၅ ၊ ၂၀၂၅


ဓါတ်ပုံ-PDA - တီးတိန် တပ်ဖွဲ့ဝင်များနှင့်PDF Zolandတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ-PDA - တီးတိန် တပ်ဖွဲ့ဝင်များနှင့်PDF Zolandတပ်ဖွဲ့ဝင်များ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲက တီးတိန်မြို့နဲ့ ခိုင်ကမ်းမြို့သိမ်းတိုက်ပွဲကို PDA - တီးတိန်နဲ့ မဟာမိတ်တပ်တွေက ဖော်ဆောင်တော့မှာဖြစ်တာကြောင့် ပြည်သူတွေပြင်ဆင်ထားကြဖို့ တီးတိန်မြို့နယ်ကောင်စီက မနေ့က ဇန်နဝါရီ ၁၄ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။


ဇိုးမီး (ချင်း)တွေ အခြေပြုနေထိုင်ရာ တီးတိန်မြို့နဲ့ ခိုင်ကမ်းမြို့တို့မှာ စစ်ကောင်စီတပ်တွေ ကျန်နေသေးတာကြောင့် အလျင်အမြန် တိုက်ခိုက်သိမ်းယူရေးလုပ်‌ဆောင်သွားမှာဖြစ်သလို ကိုယ့်မြို့ကိုယ်သိမ်းမှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေ ချေမှုန်းကင်းစင်စေလိုတဲ့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းမဆို လာရောက်ပူးပေါင်း တိုက်ပွဲဝင်ဖို့ကိုလည်း ဖိတ်ခေါ် အကူအညီတောင်းထားပါတယ်။


တီးတိန်မြို့နယ်ကောင်စီရဲ့ ကြေညာချက်အပြီး PDF – Zoland ရဲ့ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့စွဲနဲ့ “လက်ရှိ ချင်းပြည်အရေးအား ပြည်သူ့သို့တင်ပြခြင်း” ထုတ်ပြန်ချက်မှာတော့ တီးတိန်မြို့နယ်ကို စစ်ကောင်စီတပ်ဖြစ်စေ၊ ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖြစ်သော CNF အပါအဝင် PDA - တီးတိန်ဖြစ်စေ ဘယ်အဖွဲ့အစည်းကိုမှပေးအပ်မှာမဟုတ်ဘဲ တားမြစ်ထားတဲ့ကြားက ဝင်လာပါက ICNCC၊ ချင်းညီနောင်နဲ့ လက်တွဲပြီး ပြတ်ပြတ်သားသား တိုက်ထုတ်သွားမယ်လို့ ကြေညာပါတယ်။


ဇိုမီးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်းမှုကို ထိပါးနှောင့်ယှက်ဖို့ကြိုးပမ်းလာတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို လက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်းကိုလည်း ZFU/ PDF – Zoland က သတိပေးထားပါတယ်။



ချင်းညီနောင်အဖွဲ့အနေနဲ့ စစ်ကောင်စီတပ်ဆီကနေ တီးတိန်မြို့ကို အပြီးသတ်သိမ်းယူနိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်တွေ ချမှတ်ထားပြီးဖြစ်ကြောင်းနဲ့ CNA ပူးပေါင်းတပ်က PDA - တီးတိန်ကို အသုံးချကာ တီးတိန်မြို့ကို သိမ်းပိုက်ဖို့ကြိုးပမ်းနေတာလို့ ဖော်ပြပါတယ်။


ဒါ့အပြင် CNF/CNA နဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေရဲ့ဆောင်ရွက်ချက်တွေဟာ လူထုအကျိုးကို ရှေးရှုခြင်း တစုံတရာ မပါရှိဘဲ အမြတ်ထုတ်လိုမှု၊ နိုင်ငံရေးလက်ဦးမှု ရယူလိုမှုသာဖြစ်ကြောင်းနဲ့ အချိန်မီ ပြင်ဆင်မှုမရှိဘဲ တနေ့မှာ လူထုရဲ့တရားစီရင်မှုကို ကြုံတွေ့ခံစားရမယ်ဆိုပါက များစွာထိခိုက်နစ်နာရမယ်လို့ ဆိုထားပါတယ်။


တီးတိန်မြို့နယ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာလည်း PDA - တီးတိန်က မဟာမိတ်တပ်တွေနဲ့အတူ တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မှာဖြစ်တာကြောင့် ဘယ်အဖွဲ့အစည်းကမှ ကန့်ကွက်ခွင့်မရှိကြောင်း ပြောထားပါတယ်။


တီးတိန်းမြို့နယ်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDA - Tedim ၊ PDF - Zoland၊ CDF - CDM Siyin၊ Hualngoram – CDF စတဲ့တပ်ဖွဲ့တွေရှိကြပြီး အဲ့ဒီထဲက PDA - Tedim ၊ CDF - CDM Siyin၊ Hualngoram – CDF တပ်ဖွဲ့တွေဟာ ချင်းလဲန်းကောင်စီ(CC)၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ထားတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်ပြီး PDF – Zolandကတော့ ICNCC၊ ချင်းညီနောင်အဖွဲ့ (CB)နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။


CC နဲ့ CB အဖွဲ့ဝင်ထားကြတဲ့ ချင်းတပ်ဖွဲ့တွေဟာ စစ်ရေး၊နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုမရှိကြဘဲ တဖက်နဲ့တဖက် အပြန်အလှန်ပစ်ခတ် ဖမ်းဆီးမှုတွေရှိထားကြသလို ချင်းပြည်နယ်တွင်း မြို့သိမ်းတိုက်ပွဲဖော်ဆောင်မှုတွေမှာလည်း မကြာခဏပြဿနာဖြစ်ပွားလေ့ရှိကြပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page