ပြည်သူသုံးရာကျော်ကိုကယ်ထုတ်နိုင်ခဲ့တဲ့စစ်ဆင်ရေးအတွင်း PDF ၉ ဦးနဲ့ KNLAကရဲဘော် ၂ ဦးကျဆုံးခဲ့
- BVJ

- 3 hours ago
- 1 min read
မိုနာ/BVJ_မတ် ၁၁၊၂၀၂၆

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်အုပ်စုကဖမ်းဆီးထားတဲ့ ပြည်သူတွေကိုကယ်ထုတ်တဲ့စစ်ဆင်ရေးအတွင်းမှာ ပဲခူးတိုင်းစစ်ဌာနက ရဲဘော် ၉ ဦး၊ KNLA တပ်ရင်း (၇)နဲ့တပ်ရင်း (၉)တို့က ရဲဘော် နှစ်ဦးတို့ကျဆုံးခဲ့ပြီး (၇) ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အမှတ်-၂စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုက ဓားစာခံအဖြစ်ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်မဟာ (၃) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေက ပူးပေါင်းကယ်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ မနေ့က မတ်လ ၁၀ရက်မှာထုတ်ပြန်လာတာပါ။
ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ ၃၇၀၂ တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်ရှိ တော်ဝင်ဒေါင်းတပ်ရင်း၊တောကျီးကန်းတပ်ရင်း၊ ၃၇၀၃တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့တွေ၊ KNLA တပ်ရင်း (၇)၊ တပ်ရင်း (၉)နဲ့ ဒရုန်းတပ်ဖွဲ့တွေပူးပေါင်းပြီး “ပြည်သူကိုကယ်ထုတ်သော စစ်ဆင်ရေး” အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်ကလည်း ၁၀ ဦးကျော်သေဆုံးပြီး အယောက် ၂၀ ထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ပြည်သူ ၃၀၀ ကျော်အား ထိခိုက်မှုမရှိဘေးရန်ကင်းစွာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်များကလွတ်မြောက်ရာဒေသများသို့ ကူညီပို့ဆောင်ပေးခဲ့သည်”လို့ အမှတ် (၂) စစ်ဆင်ရေးနယ်မြေပြန်ကြားရေးက ပြောထားပါတယ်။
စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ တော်ဝင်ဒေါင်းတပ်ရင်းကလည်း” ကျွန်တော်တို့ တော်ဝင်ဒေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် မဟာမိတ်ညီအကိုတပ်ရင်း/တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ကျေးရွာများအတွင်း ပိတ်မိနေသော ဓါးစာခံပြည်သူများအား ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။
လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများကြောင့် ကျွန်တော်တို့ တော်ဝင်ဒေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ရှောင်ပြည်သူများအတွက် အရေးပေါ်လိုအပ်ချက်များ ရှိနေပါသည်”လို့ ပြောထားပါတယ်။

စစ်အုပ်စုရဲ့တပ်မ(၇၇) ဦးဆောင်တဲ့ အင်အားတစ်ရာပါ စစ်ကြောင်း လေးကြောင်းဟာ အခုလ မတ် ၅ ရက်၊ မနက် ငါးနာရီခန့်မှာ ကာမီကာဇေ၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေယာဉ်တွေအသုံးပြုပြီး ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်း ကျေးရွာတွေသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ ၃၀၀ကျော်ကိုဓားစာခံအဖြစ်ဖမ်းဆီးခဲ့သလို ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ၄၀ ကျော်ကိုလည်းသတ်ဖြတ်ခဲ့တယ်လို့ KNUအပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းတွေက မတ်လ ၉ရက်မှာထုတ်ပြန်ထားကြပါတယ်။




Comments