တောင်သာမြို့ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၆ ၊ ၂၀၂၄

မန္တလေးတိုင်း တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် စာသင်ကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဒီဇင်ဘာ ၂၅ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်မှု တစ်ကြိမ်၊ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတစ်ကြိမ် လုပ်ဆောင်ခဲ့တာလည်းဖြစ်တယ်လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီက ဖော်ပြထားပါတယ်။
စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ချိန် စက်တပ်ထားတဲ့ လေထီးတွေကိုပါ အသုံးပြုတိုက်ခိုက်လာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း အထူးဂရုစိုက်ကြဖို့ကိုလည်း တောင်သာ လူထုလှုပ်ရှားမှုကော်မတီက တိုက်တွန်းထားပါတယ်။
"မြေပြင်တိုက်ပွဲ မရှိပါဘူး။ ဂျက်ဖိုက်တာနဲ့ လာပစ်တုန်းကလည်း စာသင်ကျောင်းဆောင်တည့်တည့်ကိုပဲပစ်တယ်။ စက်တပ် လေထီးနဲ့ဗုံးချတော့လည်း စာသင်ကျောင်းပါပဲ" လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီက Burma VJ ကို ပြောပါတယ်။
ဇရပ်ကြီးကျေးရွာမှာ မြေပြင်တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီက စာသင်ကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။ စာသင်ကျောင်းမှာ ကလေးတွေ ရှိမနေသလို တော်လှန်ရေးအဖွဲ့တွေကလည်း နေရာယူထားတာမျိုး မရှီဘူးလို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းကလည်း တောင်သာမြို့နယ် မိုးနှောင်းခင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေသခံပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။










Comments