တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၃ ဦး သေဆုံးခဲ့
- Zayar Oo
- Jan 5, 2025
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၄ ၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်းစစ်ဒေသနယ်မြေထဲမှာ ဖြစ်ပွားခဲ့တဲ့ အခုတစ်ပတ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၇၃ ဦး သေဆုံးခဲ့ပြီး ၇၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၈ ရက်ကနေ ၂၀၂၅ ဇန်နဝါရီ ၃ ရက်နေ့အထိ တိုက်ပွဲတွေအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု ၁၄ ကြိမ်အထိရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၃၂ ၊ ဗိုလ်ဒါဘော ဦးဆောင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၈ တို့ ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ကူ သံတွဲစစ်ကြောင်းကလည်း အနန်းကွင်းဗျူဟာစခန်းကို ဝင်ရောက်ဖို့ကြိုးစားနေပြီး ဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရိက္ခာနဲ့ စစ်ကူစစ်ကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေတာတွေလည်းရှိနေပြီး နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေအတွင်း တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ နဂါးနီစစ်ကြောင်း၊ KNLA တပ်ရင်းများနဲ့ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Dawna Dragon၊ Cloud Wings ဒရုန်း ပူးပေါင်းအဖွဲ့တို့ကလည်း ပူးပေါင်းပါဝင်ထားပြီး စစ်ကောင်စီ စစ်ကြောင်းတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်နေသလို လေကြောင်းပစ်ကူပေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။




Comments