တောင်ခမ်းနဲ့ အုမ္မတီးရွာကို စစ်ကောင်စီ အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ပြော
- BVJ
- Apr 25
- 1 min read
BVJ/ဇော်_ဧပြီ ၂၅ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ထဲက အုမ္မတီးကျေးရွာနဲ့ ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၄ ရက် ညပိုင်းမှာ ဗုံးအလုံးရေ ၃၀ ကျော် ကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး အဆိပ်ငွေ့ဗုံးတွေပါ အသုံးပြုခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ဧပြီ ၂၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
မနေ့ ဧပြီ ၂၄ ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ကျောက်ကြမ်းရွာကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၂၇ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဖော်ပြထားပါတယ်။ စစစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကျောက်ကြမ်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် ည ၇ နာရီခွဲဝန်းကျင်မှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ အုမ္မတီးကျေးရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၈ လုံးအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
တအာင်းထိန်းချုပ်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားချိန်တိုင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်တာမျိုးတွေရှိနေပြီး အခု ဧပြီလအတွင်း တောင်ခမ်းနဲ့ အုမ္မတီးတို့ကို အဆိပ်ငွေ့ဗုံးအသုံးပြုကာ ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
မတ်လ ၂၈ ရက် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီက မြန်မာနိုင်ငံ ဒေသအနှံ့ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေပြီး စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း အရပ်သားပြည်သူ ၁၆၀ ကျော် သေဆုံးခဲ့ပါတယ်။
Opmerkingen