တိုက်ပွဲအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ကချင်ရဲဘော်တွေရဲ့ မင်္ဂလာဆောင်
- BVJ

- May 8
- 1 min read
BVJ/အိုင်းရစ် _ မေ ၈ ၊ ၂၀၂၅

ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင်ကင်းစင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ကချင်ရဲဘော်တွေရဲ့ မင်္ဂလာပွဲအခမ်းအနားကို မနေ့က မေ ၇ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့မှာကျင်းပခဲ့ပါတယ်။
လိုင်ဇာမြို့ ဆွတ်မိုင်ယန်ရွာက ပြန်လည်ထူထောင်ရေးစခန်း (ဂေါ်နင်ဂျား) မှာ မင်္ဂလာအခမ်းအနားကျင်းပခဲ့တာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရဲဘော် သုံးဦးနဲ့ ဒေသခံ ကချင်အမျိုးသမီး သုံးဦးတို့ မင်္ဂလာလက်ထပ်ပွဲ ကျင်းပခဲ့တာပါ။ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေကို ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) က တာဝန်ယူ စောင့်ရှောက်ထားတာလည်း ဖြစ်ပါတယ်။
“သူတို့လူငယ်ချင်း ချစ်ကြိုက်ပြီးတော့ လက်ထပ်ကျတာမျိုးပေါ့။ ဂေါ်နင်ဂျားကလည်း ရွာထဲမှာပဲရှိတော့ ရွာထဲက မိန်းကလေးတွေလည်း ဒီစခန်းမှာ တစ်ခါတလေလာပြီး အလုပ်ကူလုပ်ပေးကြတာလည်း ရှိတယ်။ စစ်ရှောင်တွေလည်းရှိတော့ ဒေသခံတွေ စခန်းမှာ လာကူညီတာမျိုးတွေရှိရင်း သူတို့အချင်းချင်း ချစ်ကြိုက်ရင်း လက်ထပ်ဖြစ်ကြတာပါ” လို့ ဂေါ်နင်ဂျားတာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။
အခု မင်္ဂလာလက်ထပ်ပွဲပြုလုပ်ခဲ့တဲ့ ကချင်ရဲဘော်တွေဟာ အသက် ၂၀ နဲ့ ၃၀ နှစ်ဝန်းကျင်သာရှိသေးတဲ့ လူငယ်တွေဖြစ်ပြီး လက်ထပ်ပွဲအခမ်းအနားကျင်းပပြီးချိန်နောက်ပိုင်းမှာလည်း မိသားစုနဲ့အတူ ပြန်လည်ထူထောင်ရေးစခန်းမှာ ဆက်နေထိုင်ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။
KIO က စောင့်ရှောက်ထားတဲ့ ပြန်လည်ထူထောင်ရေးစခန်းမှာ ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရတဲ့ ကချင်ရဲဘော် ၂၈ ဦးဝန်းကျင်အထိရှိတယ်လို့လည်း ပြန်လည်ထူထောင်ရေးစခန်း တာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ပြန်လည်ထူထောင်ရေးစခန်းမှာရှိတဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ကချင်ရဲဘော် ၆ ဦးကိုလည်း မင်္ဂလာလက်ထပ်ပွဲအခမ်းအနားကျင်းပပေးခဲ့တာမျိုးရှိတယ်လို့လည်း သိရပါတယ်။















Comments