တိုက်ပွဲပြင်းထန်နေတဲ့နောင်ချိုမှာ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်တယ်လို့ TNLA ပြော
- BVJ

- Feb 25, 2025
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်မှုနဲ့အတူ အဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်လာတယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးက အတည်ပြုပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၃ ရက်က နောင်ချိုမြို့နယ် တောင်ရှည်ရွာနဲ့ မန်မော်ရွာကြားမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် TNLA တပ်၀သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့သလို မူးဝေတာ၊ မောပန်းတာ၊ အောက်ဆီဂျင်ကျပြီး မောပန်းတဲ့ ဝေဒနာခံစားရတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
“မနေ့က တိုက်ခိုက်မှုမှာ ကျွန်မတို့ အတည်ပြုနိုင်တာက အဆိပ်ငွေ့ဗုံးဖြစ်တယ်ဆိုတာ။ ဘာအမျိုးအစားလဲဆိုတာကတော့ ကျွန်မတို့ ဆက်လက်ပြီးတော့ ရှာဖွေနေဆဲ ဖြစ်ပါတယ်” လို့ PSLF/TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို Burma VJ ကို ပြောပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့အတူ ဖေဖော်ဝါရီ ၁၆ ၊ ၁၇ ရက်က TNLA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့တဲ့ မအောင်မြင်တဲ့ ကူမင်းဆွေးနွေးပွဲနောက်ပိုင်း စစ်ကောင်စီက TNLA ထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
ကူမင်းဆွေးနွေးပွဲနောက်ပိုင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် နောင်ချိုနဲ့ မိုးမိတ်တို့က ဒေသခံပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒေသခံနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။




Comments