ဆယ်ကျော်သက်ကလေးနဲ့ အစ်မကို ပစ်သတ်ခဲ့တဲ့ မန္တလေးPDF ရဲဘော်ကိုဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှု စတင်
- BVJ
- Apr 18
- 1 min read
■ ပစ်ခတ်မှုဖြစ်စဉ်အတွင်း အမေဖြစ်သူလည်း နှလုံးရပ်သေဆုံးသွား
BVJ/အိုင်းရစ် _ ဧပြီ ၁၀ ၊ ၂၀၂၅

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကံတောင်ရွာက ဆယ်ကျောက်သက်ကလေးတစ်ဦးနဲ့ အစ်မဖြစ်သူတို့ကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF)က ရဲဘော် စိုးကြီးက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးကနေရာတင်ပွဲချင်းပြီးသေဆုံးကာ တစ်ဦးကို နီးစပ်ရာဆေးရုံတစ်ခုကို ပို့ထားရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက် ည ၁၁ နာရီဝန်းကျင်က စဉ့်ကူမြို့နယ် ကံတောင်ကျေးရွာ ရွှေကံ့ကော်ရပ်ကွက်မှာရှိနေတဲ့ မသီတာစန်း(၂၈ နှစ်)နဲ့ မောင်လှိုင်ဝေလင်း(၁၄ နှစ်)တို့ကို MDY PDF ရဲဘော်စိုးကြီး (ခ) ကိုကိုစိုးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး မောင်လှိုင်ဝေလင်းဟာ နေရာမှာတင်သေဆုံးခဲ့ကာ မသီတာစန်းက ပေါင်နဲ့ ခြေသလုံးကျည်ထိ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရပါတယ်။
အဲ့ဒီပစ်ခတ်ပစ်မှုကြောင့် မသီတာစန်းနဲ့ မောင်လှိုင်ဝေလင်းတို့ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်မျိုးကျော် (၄၃ နှစ်)ဟာလည်း အခင်းဖြစ်နေရာမှာပဲ နှလုံးရပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
MDY PDFပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ကတော့ ကံတောင်ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူ ရဲဘော်စိုးကြီးကို ဖမ်းဆီးထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ Burma VJ ကို ပြောပါတယ်။
“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံ ရဲဘော်စိုးကြီးကို ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ရှိပါတယ်။ အဓိကကတော့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကော်မတီအနေနဲ့ ကျွန်တော်တို့တပ်ဖွဲ့ ဗဟိုစည်းကမ်းထိန်းသိမ်းရေးတို့ပေါင်းပြီး စစ်ဆေးနေတာမျိုးတွေရှိသလို ပူးပေါင်းစစ်ဆေးမှုမှာလည်း တခြားသော ပါသင့်ပါထိုက်တဲ့ပုဂ္ဂိုလ်တွေ ဖိတ်ခေါ်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာတွေ ရှိပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရတဲ့အချိန်ကျရင် ထုတ်ပြန်သွားဖို့ရှိပါတယ်” လို့ ကိုအော်စမွန်က ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စဉ့်ကူးမြို့နယ် တိုက်နယ် ၁ ဒေသက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်မှာရှိတဲ့ စဉ့်ကူးမြို့နယ် တာဝန်ခံရုံးနဲ့ တိုင်းပကဖ၊ ခရိုင်ပကဖတို့ထံ လိပ်မူတိုင်ကြားထားတဲ့စာကိုလည်း Burma VJ က လက်ခံရရှိထားပါတယ်။
ရဲဘော်စိုးကြီးနဲ့ မသီတာစန်းရဲ့အစ်ကိုဖြစ်သူတို့ဟာ မိတ်ဆွေသူငယ်ချင်းတွေဖြစ်ကြပြီး ရဲဘော်စိုးကြီး MDY PDF ထဲမဝင်ခင်ကတည်းက ရင်းနှီးသူတွေဖြစ်ကြတယ်လို့လည်း ကံတောင်ရွာပကဖနဲ့ နီးစပ်သူတစ်ဦးက Burma VJ ကို ပြောပါတယ်။ လက်ရှိမှာ မသီတာစန်းရဲ့ အစ်ကိုဖြစ်သူ မူးယစ်ဆေးဝါးမှုနဲ့ MDY PDF ထံမှာ အချုပ်ကျခံနေရတာလည်း ဖြစ်ပါတယ်။ အခု ပစ်ခတ်မှုမဖြစ်ပွားခင်ကလည်း ငွေကြေးကိစ္စအငြင်းပွားမှုတွေရှိခဲ့ပြီး သေနတ်နဲ့ပစ်သတ်မယ်လို့ ရဲဘော်စိုးကြီးက ခြိမ်းခြောက်ခဲ့ပါသေးတယ်။
ဒါ့အပြင် မောင်နှမနှစ်ဦးကို ပစ်သတ်မှုမဖြစ်ပွားမီ မတ်လ ၃၀ ရက် ည ၁၀း၄၀ မိနစ်ကလည်း ကံတောင်ရွာ ပကဖနဲ့ ပအဖရုံးတို့ကို ရဲဘော်စိုးကြီးက သေနတ်နဲ့လေးချက်ပစ်ခတ်ခဲ့ပြီး လက်ပစ်ဗုံးနဲ့ ခြိမ်းခြောက်ကာ “မင်းတို့ ပကဖက ဘာကောင်တွေလဲ” လို့ဆိုပြီး ခြိမ်းခြောက်ပြောဆိုသွားတယ်လို့လည်း စဉ့်ကူးမြို့နယ် ကံတောင်ရွာ ပကဖတာဝန်ခံရဲ့ တိုင်စာမှာဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး NUG MOD ဒုတိယအတွင်းဝန်၊ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကို Burma VJ က ဆက်သွယ်မေးမြန်းရာမှာ “ဥပဒေ အတိုင်းစီစစ်ဆောင်ရွက်နေပါတယ်”လို့ ပြန်လည်ဖြေကြားပါတယ်။
စဉ့်ကူးမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းယူထိန်းချုပ်ပြီးချိန်မှာ အရေးပေါ်အုပ်ချုပ်ရေးဖွဲ့ကာ MDY PDF ရဲ့ ဦးဆောင်မှုနဲ့အတူ ပသုံးလုံးအဖွဲ့တွေနဲ့ အတူပူးတွဲလုပ်ဆောင်နေတာတွေရှိပြီး MDY PDF နဲ့ ပကဖ၊ ပအဖတို့အကြား ပွတ်တိုက်မှုတွေရှိနေကြောင်းနဲ့ MDY PDF က ဒေသအုပ်ချုပ်ရေးကို ဝင်ရောက်စီမံတာ၊ စစ်ကောင်စီ ဒလန်လို့ယူဆရတဲ့သူတွေကို ပသုံးလုံးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားချိန် MDY PDF က ပြန်လွှတ်တဲ့ကိစ္စတွေမှာလည်း ပကဖ၊ ပအဖနဲ့ MDY PDF တို့ကြား ညှိနှိုင်းမှုအဆင်မပြေမှုတာတွေ ရှိခဲ့တယ်လို့လည်း ကံတောင်ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
Comments