top of page

ဆက်ဆံရေးတိုးမြှင့်ရေးအပါအဝင် လူသားစာနာအကူအညီတွေအတွက် မလေးရှားဝန်ကြီးချုပ်နဲ့ NUG ဝန်ကြီးချုပ် ဆွေးနွေး

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

BVJ/အိုင်းရစ် _ ဧပြီ ၁၈ ၊ ၂၀၂၅


မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အွန်လိုင်းကနေတဆင့် တွေ့ဆုံဆွေးနွေးစဉ် (Photo: Anwar Ibrahim & NUG)
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အွန်လိုင်းကနေတဆင့် တွေ့ဆုံဆွေးနွေးစဉ် (Photo: Anwar Ibrahim & NUG)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ Teleconference (အွန်လိုင်း) ကနေတဆင့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ပါတယ်။


NUG အစိုးရဝန်ကြီးချုပ်အပါအဝင် ကိုယ်စားလှယ်တွေနဲ့ မလေးရှားဝန်ကြီးချုပ်တို့ ဆွေးနွေးချိန်မှာ အာဆီယံဥက္ကဋ္ဌ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူတွေထံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေ ထိရောက်စွာ ပေးပို့ဖြန့်ဝေနိုင်ရေးစတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း NUG က သတင်းထုတ်ပြန်ထားပါတယ်။


“မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုမှာ ပြည်ထောင်စုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်တို့ တက်ပါတယ်”လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Burma VJ ကို ပြောပါတယ်။


မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ မနေ့ ဧပြီ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလုပ်သဘောခရီးစဉ်နဲ့ ရောက်ရှိလာတာဖြစ်ပြီး ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ဘန်ကောက်မြို့မှာ အလွတ်သဘောတွေ့ဆုံခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ်က သူ့ရဲ့လူမှုကွန်ရက် (Facebook) မှာ ရေးသားဖော်ပြထားသလို စစ်ကောင်စီကလည်း ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။ ဒါပေမဲ့ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံကိုတော့ မလေးရှားအစိုးရရော စစ်ကောင်စီဘက်ကရော နှစ်ဖက်စလုံးက ဖော်ပြထားတာမတွေ့ရပါဘူး။


မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံချိန်မှာ ငလျင်ဘေးဒဏ်ကနေ ပြန်လည်ထူထောင်နိုင်ရေးမှာ အာဆီယံအသိုက်အဝန်းရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာ-အာဆီယံအသိုက်အဝန်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page