ဆီးရီးယား သူပုန်ခေါင်းဆောင်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ ဆုငွေ ထုတ်ထားမှု အမေရိကန်အစိုးရ ပြန်ရုပ်သိမ်း
- Zayar Oo
- Dec 22, 2024
- 1 min read
BVJ/အေတီ _ ဒီဇင်ဘာ ၂၁ ၊ ၂၀၂၄

ဆီးရီးယားသူပုန်ခေါင်းဆောင်ကို ဖမ်းဆီးဖို့ ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ် ထားတာကို အမေရိကန်အစိုးရဘက်က တရားဝင်ပြန် ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်အစိုးရ သံတမန်အရာရှိကြီးတွေနဲ့ ဆီးရီးယား Hayat Tahrir al-Sham (HTS) သူပုန်အဖွဲ့ တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ပြီးနောက် ဆုကြေးငွေထုတ်ထားတာ ရုပ်သိမ်းတဲ့ အမိန့်ထုတ်ပြန်ခဲ့တာပါ။
ဆီးရီးယား သူပုန်ခေါင်းဆောင် Sharaa နဲ့ တွေ့ဆုံဆွေးနွေးမှုက အလွန်အကျိုးရှိပြီး လက်တွေ့ ကျတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဘာဘရာလက်ဖ်က ပြောပါတယ်။ Ahmed al-Sharaaခေါင်းဆောင်တဲ့ HTS သူပုန်အဖွဲ့က အာဆတ်အစိုးရကို လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ဖြုတ်ချပြီးနောက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ဆီးရီးယား မြို့တော် Damascus မြို့ကို ရောက် လာကြပါတယ်။
သူပုန်ခေါင်းဆောင် Sharaaကို ဆုကြေးငွေ ထုတ်ပြန်ထားတာ ရုပ်သိမ်းလိုက်ပေမယ့် HTS အဖွဲ့ကိုတော့ အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားနေဆဲပါ။
အမေရိကန်အစိုးက လက်ခံအားပေးတဲ့ နိုင်ငံအသွင်ကူးပြောင်းရေးမူဝါဒတွေ၊ ဒေသဆိုင်ရာ ကိစ္စတွေအပါအဝင် IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ရေးအတွက် လိုအပ်တဲ့ကိစ္စတွေ အမေရိကန် သံတမန်တွေက သူပုန်အဖွဲ့နဲ့ ဆွေးနွေးခဲ့ကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါအပြင် ၂၀၁၂ ခုနှစ် အာဆတ်အစိုးရလက်ထက်တုန်းက Damascus မြို့မှာ ပြန်ပြေးဆွဲခံရပြီး ပျောက်ဆုံးနေတဲ့ အမေရိကန်နိုင်သား သတင်းထောက် Austin Tice နဲ့ ၂၀၁၇ ခုနှစ်က ပျောက်ဆုံးခဲ့ စိတ်ကုထုံးပညာရှင် Majd Kamalmaz နဲ့ ပတ်သတ်တဲ့ သတင်းတွေကိုလည်း သံတမန်တွေက ရသလောက် စုံစမ်းခဲ့ကြကြောင်း အထက်ပါ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။
ကုလသမဂ္ဂ၊ ယူကေ၊ ပြင်သစ်နဲ့ ဂျာမနီတို့က ကိုယ်စားလှယ်တွေဆီးရီးယားနိုင်ငံကို တရား ဝင်သွားရောက်လည်ပတ်ခဲ့ပြီးနောက် အမေရိကန်အစိုးရကိုယ်စားလှယ်တွေ သွားခဲ့တာဖြစ် ပါတယ်။ ဆီးရီးယားနိုင်ငံကို သွားရောက်ခဲ့တဲ့ ဝါရင့်သံတမန်ကိုယ်စားလှယ်အဖွဲ့မှာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဘာဘရာလက်ဖ် Barbara Leaf ဘာဘရာလက်ဖ်အပြင် အခြားဝါရင့်သံတမန်ကြီးတွေလည်း ပါဝင်ပါတယ်။
Ref: BBC




Comments