top of page

စနစ်ကျခိုင်မာတဲ့ အရပ်သားအစိုးရဩဇာခံစစ်တပ်‌ ပေါ်ပေါက်ဖို့ လိုအပ်တယ်လို့ BPLA ပြော

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

BVJ/Moore _ ဧပြီ ၁၇ ၊ ၂၀၂၅


BPLA တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို ၂၀၂၅ ဧပြီ ၁၇ ရက်မှာ ပြုလုပ်နေစဉ် (Photo: BPLA)
BPLA တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို ၂၀၂၅ ဧပြီ ၁၇ ရက်မှာ ပြုလုပ်နေစဉ် (Photo: BPLA)

စစ်ကောင်စီ စစ်တပ်ကို ဖြိုချနိုင်ဖို့အတွက် စနစ်ကျပြီးခိုင်မာတဲ့ အရပ်သားအစိုးရဩဇာကိုခံယူမယ့် စစ်တပ်တစ်ခု လိုအပ်တယ်လို့ ဒီနေ့ ဧပြီ ၁၇ ရက် ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က တပ်တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားမှာ ထုတ်ဖော်ပြောကြားထားပါတယ်။


စစ်ကောင်စီစစ်တပ်ရဲ့ ကိုယ်ကျိုးရှာအာဏာသိမ်းမှုကြောင့် ပြည်သူတွေ ဒုက္ခရောက်ခဲ့ရတာကြောင့် စစ်အုပ်စုကို အပြီးတိုင်ဖယ်ရှားပြီး ပြည်သူလူထုအတွက် သာတူညီမျှမှု၊ လွတ်လပ်ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကို ဆောင်ကြည်ပေးနိုင်မယ့် နိုင်ငံတော်သစ်တစ်ရပ် ထူထောင်နိုင်ဖို့အတွက်လည်း လိုအပ်တယ်လို့ BPLA က ပြောပါတယ်။


“ကျနော်တို့ အဓိကပြောချင်တာက စစ်အာဏာရှင်စနစ်အလွန် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲကနေတက်လာမယ့် အရပ်သားအစိုးရရဲ့ဩဇာကိုခံယူတဲ့ ဖက်ဒရယ်အာမီ ပေါ်ပေါက်လာအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်”လို့လည်း BPLA ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက Burma VJ ကို ပြောပါတယ်။


BPLA တပ်တော်အနေနဲ့လည်း တပ်ဖွဲ့ဝင်အင်အားများပြားရေးထက် စည်းစနစ်ကျရေးကို အဓိကဦးစားပေးလုပ်ဆောင်နေပြီး အင်အားများပြီး စနစ်မကျပါက အချည်းနှီးသာဖြစ်သလို တပ်ဖွဲ့ဝင်တိုင်း စစ်ပုံကျဖို့၊ တပ်ဖွဲ့ဝင်တိုင်း စည်းမျဉ်းစည်းကမ်းတွေကို မဖြစ်မနေ သိနားလည်ကြဖို့နဲ့ ပြစ်မှုကျူးလွန်ပါက ရှောင်လွှဲခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။


“စစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြတဲ့ ယခုတော်လှန်ရေးကာလအတွင်းမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တိုင်းသည် ဂုဏ်သိက္ခာနဲ့အညီ CoC နှစ်ရပ်ကို ခိုင်မာစွာတည်ဆောက်ပြီး လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်” လို့ ကိုလင်းလင်းက ဖြည့်စွက်ပြောပါတယ်။


၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်က BPLA အမှတ် ၁၀၇ စစ်ဒေသကို ကရင်ပြည်နယ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကာ ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KNLA) နဲ့လည်း ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေကို အတူပူးပေါင်းတိုက်ပွဲဝင်နေတာလည်း ဖြစ်ပါတယ်။


မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ BPLA အမှတ် ၂၀၃ စစ်ဒေသက တပ်ဖွဲ့ဝင်တွေဟာ ၁၀၂၇ စစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်ခဲ့ပြီး အခု ၂၀၂၅ ခုနှစ်မှာ အမှတ် ၃၀၈ အညာစစ်ဒေသကိုလည်း တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) နဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း မဟာမိတ်ဆက်ဆံရေး ချိတ်ဆက်ဆောင်ရွက်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page