စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ဖမ်းဆီးခံရ
- BVJ

- Jan 15, 2025
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၁၅ ၊ ၂၀၂၅

စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာမှုကြောင့် ပြစ်တင်ရှုတ်ချမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ယို ဒီနေ့ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
တောင်ကိုရီးယားရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ သမ္မတယွန်းဆတ်ယိုကတော့ နိုင်ငံတွင်း သွေးထွက်သံယိုမှုတွေကို ရှောင်လွှဲဖို့ ဖမ်းဆီးခံခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ကို ဖမ်းဆီးဖို့ စုံစမ်းစစ်ဆေးမှုတွေဟာ တရားမဝင်မရှိဘူးလို့လည်း ပြောထားပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုနဲ့အတူ နိုင်ငံတော်ပုန်ကန်မှု၊ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုတွေနဲ့ စွပ်စွဲပြစ်တင်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ယွန်းဆတ်ယိုဟာ တောင်ကိုရီးယားနိုင်ငံသမိုင်းမှာ တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးအနေနဲ့ ပထမဆုံး ဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။
လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင် မဲခွဲဆုံးဖြတ်မှုတွေနဲ့အတူ သမ္မတရာထူးကနေ ဆိုင်းငံ့ခံခဲ့ရတဲ့ ယွန်းဆတ်ယိုဟာ သူ့ရဲ့နေအိမ်မှာ ကိုယ်ပိုင်လုံခြုံရေးလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ ကာလရှည်ရှိနေခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးမှုကို အစောပိုင်းက ယွန်းဆတ်ယိုရဲ့ လုံခြုံရေးအဖွဲ့တွေက တားဆီးခဲ့တာလည်း ဖြစ်ပါတယ်။
“အဂတိစုံစမ်းဆေးရေးရုံး (CIO) ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြန်လည်တုံ့ပြန်ဖို့အတွက် ကျွန်တော် ဖမ်းဆီးခံဖို့ သဘောတူလိုက်တာပါ။ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေက တရားမဝင်ပါဘူး။ ဒါပေမဲ့ မနှစ်မြို့ဖွယ်ရာ သွေးထိုးသံယိုဖြစ်မှုတွေကို ရှောင်ရှားနိုင်ဖို့ အခုလို ဆုံးဖြတ်ခဲ့တာပါ”လို့ ယွန်းဆတ်ယိုက ပြောကြားထားပါတယ်။
ရာထူးမြင့်ပုဂ္ဂိုလ်တွေအတွက် အဂတိလိုက်စားမှုစစ်ဆေးရေးရုံး (CIO) ကနေ သမ္မတ ယွန်းဆတ်ယိုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်ကိုရီးယားအာဏာပိုင်တွေက ယွန်းဆတ်ယိုကို ၄၈ နာရီကြာ စစ်ဆေးမေးမြန်းခွင့်ရရှိထားပြီး ဒီထက်အချိန်ပိုမိုလိုအပ်ခဲ့ပါက တရားရုံးကနေ ဖမ်းဝရမ်းထပ်မံတောင်းခံရမှာဖြစ်ပါတယ်။
Ref: Reuters










Comments