ဝါရှင်တန်ညစာစားပွဲထဲ သေနတ်နဲ့ဝင်ပစ်ဖို့ကြိုးစားခဲ့တဲ့သူ သမ္မတထရမ့်ကိုလုပ်ကြံရန်ကြိုးပမ်းမှုနဲ့ တရားစွဲခံရ
- BVJ

- 15 hours ago
- 1 min read
အေတီ/BVJ- ဧပြီ ၂၈၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တက်ရောက်ခဲ့တဲ့ညစာစားပွဲထဲဝင်ပြီး သေနတ်နဲ့ပစ်ဖို့ကြိုးစားခဲ့တဲ့ တောမတ်စ် အယ်လန်ကို အမေရိကန်သမ္မတကို လုပ်ကြံဖို့ကြိုးပမ်းမှုနဲ့ တနင်္လာနေ့ကရုံးတင်တရားစွဲဆိုလိုက်ပါတယ်။ သူ့ကိုစွဲဆိုထားတဲ့ ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရဖွယ်ရှိပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ကိုးလ် တောမတ်စ် အယ်လန်ကို ဝါရှင်တန်ဖက်ဒရယ်တရားရုံးမှာ တနင်္လာနေ့ကပထမဆုံးအကြိမ် ရုံးထုတ်လာပြီး အပြာရောင်အင်္ကျီနဲ့ဘောင်းဘီကို ဝတ်ဆင်ထားတာတွေ့ရပါတယ်။
သတင်းထောက်တွေနဲ့နိုင်ငံရေးသမားတွေတက်ရောက်ပြီး နှစ်စဉ်ကျင်းပတဲ့ "အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲ" (White House Correspondents' Association Dinner)ထဲဝင်ပြီး သေနတ်နဲ့ပစ်ဖို့ကြိုးစားခဲ့တဲ့အယ်လန်ဟာ မအောင်မြင်တဲ့တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး နှစ်ရက်အကြာမှာ တရားရုံးကိုရောက်ရှိလာပါတယ်။သူ့ကို တရားခွင်အဝင်အထွက်မှာ လက်ထိပ် နောက်ပြန်ခတ်ထားတာ တွေ့ရပါတယ်။
"သူဟာ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဂျေထရမ့်ကိုလုပ်ကြံဖို့ ကြိုးစားခဲ့တာပါ"လို့ အစိုးရရှေ့နေ ဂျော့စလင် ဘယ်လန်တိုင်း (Jocelyn Ballantine) က ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကြမ်းဖက်မှုဖြစ်စဉ်တွေထဲက နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း လူထုစည်းဝေးပွဲတစ်ခုမှာ ကွန်ဆာဗေးတစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ချာလီ ကာ့ခ် (Charlie Kirk) ပစ်သတ်ခံခဲ့ရသလို၊ ဒီမိုကရက်တစ် မင်နီဆိုတာပြည်နယ်လွှတ်တော်အမတ်နဲ့သူမရဲ့ ခင်ပွန်းတို့ အသတ်ခံရပြီး လအနည်းငယ်အကြာမှာ အခုဖြစ်ရပ်ပေါ်ပေါက်လာတာပါ။ ဒေါ်နယ်ထရမ့်ကိုယ်တိုင်လည်း ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း လုပ်ကြံဖို့ကြိုးပမ်းမှုနှစ်ကြိမ်တိုင်တိုင်ကြုံတွေ့ခဲ့ရဖူးပါတယ်။
"ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ အကြမ်းဖက်မှုအတွက်နေရာမရှိပါဘူး။ ဒီမိုကရေစီ အဖွဲ့အစည်းတွေကိုဖျက်ဆီးဖို့ အကြမ်းဖက်မှုကိုအသုံးချလို့မရသလို ခွင့်လည်းမပြုနိုင်ပါဘူး။ အမေရိကန်သမ္မတအပေါ် အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကိုလည်း လက်ခံနိုင်စရာမရှိပါဘူး"လို့ ယာယီရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche) ကပြောပါတယ်။
အယ်လန်ကို ဆက်ဖမ်းထားမယ်
ကယ်လီဖိုးနီးယားပြည်နယ်၊ တောရန့်စ်မြို့မှာနေထိုင်တဲ့ အယ်လန်ဟာ ပြည်နယ်ဖြတ်ကျော် လက်နက်ခဲယမ်းတရားမဝင်သယ်ဆောင်မှု၊ အကြမ်းဖက်မှု ကျူးလွန်စဉ်သေနတ်ပစ်ခတ်မှုစတဲ့ စွဲချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။

ပြောင်းချောသေနတ် (Shotgun) တစ်လက်နဲ့ဓားသုံးစင်းကို ဝါရှင်တန်ကို အယ်လန်ယူဆောင်လာခဲ့ကြောင်း၊ဒါ့အပြင် .၃၈ကာလီဘာ ဆီမီးအော်တို ပစ္စတိုတစ်လက်လည်းသူနဲ့အတူပါလာကြောင်း တရားရုံးမှတ်တမ်းမှာဖော်ပြထားပါတယ်။
အယ်လန်ရဲ့သေနတ်ပြောင်းအတွင်းမှာ ကျည်ခွံတစ်ခုတွေ့ထားတာကြောင့် အဲ့ဒီသေနတ်ကို အယ်လန်ပစ်ခတ်ခဲ့တဲ့လက္ခဏာရှိတယ်လို့ ရှေ့နေချုပ် ဘလန့်ချ်က ပြောပါတယ်။ တရားခွင်ကစွပ်စွဲချက်တွေကို အယ်လန်ဘက်ကတုံ့ပြန်ခြင်းမရှိဘဲ သူဟာကွန်ပျူတာသိပ္ပံမဟာဘွဲ့ရရှိထားတဲ့သူဖြစ်ကြောင်းပဲ ပြောနေပါတယ်။ အယ်လန်ဘက်က ခုခံချေပသူရှေ့နေ တီဇီရာ အာ့ဘေး (Tezira Abe) က အယ်လန်ဟာအရင်က ပြစ်မှုမှတ်တမ်း သို့မဟုတ် အဖမ်းခံရဖူးခြင်းမရှိကြောင်း တရားရုံးမှာတင်ပြခဲ့ပါတယ်။
'ခင်မင်ရင်းနှီးတတ်တဲ့ ဖက်ဒရယ် လုပ်ကြံရေးသမား'
FBI အေးဂျင့်ရဲ့ထွက်ဆိုချက်အရ အယ်လန်ဟာ ညစာစားပွဲကျင်းပရာ ဝါရှင်တန် ဟီလ်တန်ဟိုတယ်မှာ ဧပြီလ ၆ ရက်ကတည်းက အခန်းကြိုတင် booking ခဲ့ပြီး၊ ပြီးခဲ့တဲ့အပတ်က ကယ်လီဖိုးနီးယားကနေ ဝါရှင်တန်ကိုရထားနဲ့လာခဲ့တာဖြစ်ပါတယ်။

စနေနေ့က သူ့ရဲ့မိသားစုဝင်တွေဆီ အယ်လန်ပို့တဲ့အီးမေးထဲမှာ သူ့ကိုယ်သူ "ခင်မင်ရင်းနှီးတတ်တဲ့ ဖက်ဒရယ်လုပ်ကြံရေးသမား" (Friendly Federal Assassin)လို့ရည်ညွှန်းခဲ့ပြီး ထရမ့်အစိုးရအဖွဲ့ရဲ့အဆင့်မြင့်အရာရှိတွေကို ပစ်မှတ်ထားလုပ်ကြံမယ့်အစီအစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။
စနေနေ့ကပစ်ခတ်မှုကြောင့် ဝါရှင်တန်ရဲ့အထင်ကရပွဲကြီးတစ်ခုဖြစ်တဲ့ အခု ညစာစားပွဲတက်ရောက်လာတဲ့သူတွေ စားပွဲအောက်မှာပုန်းအောင်းခဲ့ကြရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သမ္မတဒေါ်နယ်ထရမ့်အပါအဝင် အမေရိကန်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေကို အခန်းအပြင်ကိုအမြန်ခေါ်ထုတ်သွားခဲ့ရပါတယ်။
အယ်လန်ကိုဖမ်းဆီးနိုင်ခဲ့ခြင်းအပေါ် အာဏာပိုင်တွေက တရားဥပဒေစိုးမိုးရေးရဲ့ အောင်မြင်မှုလို့ပြောဆိုနေကြပေမယ့် အခုဖြစ်ရပ်ဟာ ထရမ့်နဲ့အခြားသော အမေရိကန်အစိုးရအရာရှိတွေရဲ့လုံခြုံရေးအတွက် စိုးရိမ်မှုတွေတဖန်ပြန်လည်မြင့်တက်စေခဲ့ပါတယ်။
သေနတ်အရှည်ကိုင်ထားတဲ့ အယ်လန်ကအစောင့်တွေချထားတဲ့ ဟိုတယ် လုံခြုံရေးစစ်ဆေးရေးဂိတ်ရှေ့ကနေ ဖြတ်ပြေးသွားတဲ့အချိန်မှာ ရဲတစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ မြေပြင်ပေါ် လဲကျသွားပေမယ့် သေနတ်ကျည်ဆန်မမှန်ခဲ့ဘူးလို့သိရပါတယ်။ ဒါပေမယ့် ကျည်ကာအင်္ကျီဝတ်ထားတဲ့ လုံခြုံရေးအရာရှိတစ်ဦးရဲ့ရင်ဘတ်ကို သေနတ်ကျည်ထိမှန်ခဲ့တဲ့တာနဲ့ပတ်သက်ပြီး ဘယ်သူက ပစ်ခတ်လဲဆိုတာကိုတော့ တရားရုံးမှတ်တမ်းမှာအသေးစိတ်ဖော်ပြထားတာမတွေ့ရပါဘူး။
အယ်လန်ဟာထိပ်တန်းနည်းပညာတက္ကသိုလ် Caltech ကနေစက်မှုအင်ဂျင်နီယာဘွဲ့ (၂၀၁၇)နဲ့ California State Universityက ကွန်ပျူတာသိပ္ပံ မဟာဘွဲ့ (၂၀၂၅) ရရှိထားသူဖြစ်တယ်လို့သိရပါတယ်။ သူနဲ့ဆက်စပ်နေတဲ့ Facebookပို့စ်တွေအရ သူဟာတက္ကသိုလ်ဝင်ခွင့်ပြင်ဆင်ရေးနဲ့ ကျူရှင်သင်ကြားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ C2 Educationရဲ့ တောရန့်စ် (Torrance)ဌာနခွဲမှာအလုပ်လုပ်နေတဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွက် 'အကောင်းဆုံးဆရာ'အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသူဖြစ်ပါတယ်။




Comments